မုဒုံ ဇူလိုင် ၃
မွန်ပြည်နယ် မုဒုံမြို့နယ်တွင် မိုးရာသီအခြေခံပညာကျောင်းပေါင်းစုံ (၁၆) နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ဇူလိုင် ၁ ရက်နေ့က မြို့နယ်မီတာ (၂၀၀) ဘောလုံးကွင်း၌ ကျင်းပသည်။
ဘောလုံးပြိုင်ပွဲဖွင့်ပွဲတွင် မုဒုံမြို့နယ်ပညာရေးမှူး ဦးသန်းထွန်းဋ္ဌေးက အားကစားလုပ်ငန်းများကို တစ်မျိုးသားလုံး လူထုလှုပ်ရှားမှုအသွင်ဖြင့် နိုင်ငံတော်အတွင်း အားကစားအဆင့်အတန်း တိုးမြှင့်နိုင်ရေးအတွက် ဘက်ပေါင်းစုံမှ နိုင်ငံတော်အနေဖြင့် မြှင့်တင်ချီးမြှောက်ပေးလျက်ရှိကြောင်း၊ ဘောလုံးကစားခြင်းဖြင့် မြို့နယ်အတွင်း လူငယ်လူရွယ် ကျောင်းသား/သူများ ကျန်းမာကြံ့ခိုင်၍ စိတ်ဓာတ်ခွန်အားမြင့်မားလာစေရန်၊ ကိုယ်လက်လှုပ်ရှားဆေးတစ်ပါးဆောင်ပုဒ်အရ လူငယ်များကျန်းမာကြံ့ခိုင်ပြီး လူ့စွမ်းအားအရင်းအမြစ်များ မွေးထုတ်ပေးနိုင်ရန်နှင့် ကျောင်းအလိုက် မြို့နယ်/ ပြည်နယ် ပြိုင်ပွဲမှတဆင့် နိုင်ငံ့အားကစားသမား လက်ရွေးစင်ဘောလုံသမားများ ပေါ်ထွန်းလာစေရန်အတွက် ပြိုင်ပွဲကို ကျင်းပပေးခြင်းဖြစ်ကြောင်း အမှာစကားပြောကြားသည်။
ပြိုင်ပွဲတွင် အခြေခံပညာကျောင်းများမှ ဘောလုံးအသင်း (၁၁) သင်း လေးအုပ်စုပတ်လည်ယှဥ်ပြိုင်ကစားသွားမည်ဖြစ်ရာ ပထမပွဲစဥ်အဖြစ် အ.ထ.က (တံခွန်တိုင်)နှင့် အ.ထ.က (ကမာဝက်) ဘောလုံးအသင်းတို့ စတင်ယှဥ်ပြိုင်ခဲ့ကြပြီး (၅) ဂိုး၊ ဂိုးမရှိဖြင့် အ.ထ.က (တံခွန်တိုင်) ဘောလုံးအသင်းမှ အနိုင်ရရှိခဲ့ကြောင်း သိရသည်။
ရာမည (ပြန်/ဆက်)