ချောင်းဆုံ ဇူလိုင် ၃
မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်တွင် လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် တောင်သူများ ပူးပေါင်းပါဝင်သည့် စနစ်တကျ အဆင့်မြင့်လယ်ယာမြေများ ဖော်ဆောင်နိုင်ရေးအတွက် မွန်ပြည်နယ် စိုက်ပျိုးထုတ်လုပ်မှုတိုးတက်မြင့်မားရေးအဖွဲ့နှင့် ခရိုင်၊ မြို့နယ်အဆင့် သက်ဆိုင်ရာ တာဝန်ရှိသူများမှ ယမန်နေ့ နံနက်(၉)နာရီက ကျွန်းသာယာခန်းမ၌ နတ်မှော်ကျေးရွာ၊ ကွမ်ရိုက်ကျေးရွာနှင့် ကမာကေးကျေးရွာများရှိ တောင်သူများနှင့် တွေ့ဆုံပွဲပြုလုပ်ခဲ့သည်။
ဦးစွာ မော်လမြိုင်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဦးကျော်မြင့်က အဖွင့်အမှာစကားပြောကြားကာ မွန်ပြည်နယ် စက်မှုလယ်ယာဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဦးထွန်းထွန်းခိုင်နှင့် ခရိုင်စက်မှုလယ်ဦးစီးဌာန တာဝန်ရှိသူများမှ လယ်ယာမြေအဆင့်မြှင့်တင်ခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ပြီး မြို့နယ်စိုက်ပျိုးထုတ်လုပ်မှုတိုးတက်မြင့်မားရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်နိုင်ဝင်းက ဖြည့်စွက်တင်ပြဆွေးနွေးပြီးနောက် တက်ရောက်လာသည့် တောင်သူများမှ သိရှိလိုသည်များကို ပြန်လည်ဖြေကြားဆွေးနွေးပေးခဲ့ကြသည်။
ချောင်းဆုံမြို့နယ်အတွင်း လယ်ယာမြေ စိုက်ဧကပေါင်း (၆၅၃၀၉) ဧကရှိသည့်အနက် ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်အထိ အဆင့်မြင့်လယ်ယာမြေ (၄၄၄၀) ဧက ဖော်ဆောင်နိုင်ခဲ့ပြီး လာမည့် ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်တွင် တောင်သူများ၏ ပူးပေါင်းပါဝင်မှုဖြင့် ဧက(၈၀၀)ခန့် ဆက်လက်အဆင့်မြှင့်တင် ဖော်ဆောင်နိုင်ရေး လျာထားဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်စက်မှုလယ်ယာဦးစီးဌာနမှ သိရသည်။
ကိုကျော်