အင်းစိန် ဇူလိုင် ၃
ရန်ကုန်နိုင်ငံခြားဘာသာ တက္ကသိုလ်၊ ရုရှားဘာသာဌာန Russian Language Office ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက အဆိုပါတက္ကသိုလ်တွင် ကျင်းပရာ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးစိုးသိန်း၊ ဝန်ကြီးဌာနများမှ တာဝန်ရှိသူများ၊ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံဆိုင်ရာ ရုရှားသံအမတ်ကြီး H.E Mr.Iskander Azizov နှင့် တာဝန်ရှိသူများ၊ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ တက္ကသိုလ်အသီးသီးမှ ပါမောက္ခချုပ်များ၊ မြန်မာ - ရုရှား ချစ်ကြည်ရေးအသင်းမှ တာဝန်ရှိသူများ၊ ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ်၏ ပါမောက္ခချုပ်နှင့် တာဝန်ရှိသူများ၊ ရုရှားနိုင်ငံ Altai State Pedagogical University မှ ဆရာများနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။
ဦးစွာ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးစိုးသိန်းက ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြားရာ ရုရှားနိုင်ငံ၏ သဘာသာစကားကို ကောင်းစွာသင်ယူတက်မြောက်ခြင်း၊ ယဉ်ကျေးမှုကို လေ့လာသင်ယူခွင့်ရရှိခြင်းသည် ရုရှား - မြန်မာ နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှုများ ပိုမိုခိုင်မာလာသည့်အတွက် ရုရှားဘာသာအထူးပြုကျောင်းသား၊ ကျောင်းသူများအနေဖြင့် အခွင့်အလမ်းများကို လက်မလွတ်စေဘဲမဟာဘွဲ့များ၊ Ph.D ဘွဲများအထိ ရယူနိုင်အောင် ကြိုးစားအားထုတ်ပြီး လိမ္မာရေးခြားရှိသော နိုင်ငံ့တာဝန်ကို ထမ်းဆောင်နိုင်သည့် နိုင်ငံ့သားကောင်း ရတနာများ ဖြစ်စေလိုပါကြောင်းနှင့် ရုရှားနိုင်ငံ Altai State Pedagogical University မှ ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ်သို့ ရုရှားဘာသာဌာနတွက် Russian Language Office လာရောက်ဖွင့်လှစ်ပေးခြင်းနှင့် ရုရှားဘာသာအထူးပြု ကျောင်းသား၊ ကျောင်းသူများကို ရက်တိုသင်တန်းများ သင်ကြားပို့ချပေးမည့်အတွက် အထူးပင်ကျေးဇူးတင်ရှိပါကြောင်းစသည်တို့ကို ပြောကြားသည်။
ထို့နောက် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံဆိုင်ရာ ရုရှားသံအမတ်ကြီး H.E Mr.Iskander Azizov နှင့် ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာ မေစန်းရီတို့က ဂုဏ်ပြုအမှာစကားပြောကြားပြီး ရုရှားနိုင်ငံ Altai State Pedagogical University အဖွဲ့ Director Elena Bavykina က နှုတ်ခွန်းဆက်စကားပြောကြားသည်။
ဆက်လက်၍ ရုရှားနိုင်ငံ Altai State Pedagogical University အဖွဲ့ အုပ်ချုပ်သူ Shvets Natalya က နှုတ်ခွန်းဆက်စကားပြောကြားပြီး ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ် ရုရှားဘာသာအထူးပြု ကျောင်းသူလေးများက ရုရှားသီချင်းဖြင့် သရုပ်ဖော်ကပြဖျော်ဖြေတင်ဆက်ကာ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးစိုးသိန်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များနှင့် တာဝန်ရှိ ပုဂ္ဂိုလ်များက မှတ်တမ်းဓာတ်ပုံရိုက်ကူးခဲ့ကြကြောင်း သိရသည်။
ဇွဲထက်ကို (ပြန်/ဆက်)