သထုံမြို့နယ်၌ အမှိုက်အမျိုးအစားအလိုက် ခွဲခြားစွန့်ပစ်နိုင်ရေး အသိပညာပေးဟောပြောပွဲ ကျင်းပ

သထုံ ဇူလိုင်

မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနတို့ ပူးပေါင်း၍ အမှိုက်အမျိုးအစားအလိုက် ခွဲခြားစွန့်ပစ်နိုင်ရေး အသိပညာပေးဟောပြောပွဲကို ယမန်နေ့ နံနက်ပိုင်းက အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၊ နဝဒေးခန်းမ၌ ကျင်းပပြုလုပ်သည်။

အခမ်းအနားတွင် ရှေးဦးစွာ သထုံမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်မိုးစိုးက အမှာစကားပြောကြားပြီး မြို့နယ်စည်ပင်သာယာ‌ရေးအဖွဲ့မှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ယုယုဇော်က အမှိုက်အမျိုးအစားခွဲခြားစွန့်ပစ်ရခြင်း၏ ရည်ရွယ်ချက်၊ အမှိုက်စို၊ အမှိုက်ခြောက်၊ ပလတ်စတစ်အမှိုက်နှင့် အန္တရာယ်ရှိအမှိုက်စသည့် အမှိုက်အမျိုးအစား(၄)မျိုးခွဲခြားမှု၊ သတ်မှတ်အမှိုက်ပုံးအရောင်များအလိုက် စနစ်တကျ ခွဲခြားစွန့်ပစ်ခြင်းနှင့် ပြည်သူလူထုပူးပေါင်းပါဝင်သော အမှိုက်သိမ်းဆည်းစနစ်တို့ကိုလည်းကောင်း ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးသံစဉ်မှူးက စွန့်ပစ်ပစ္စည်း၏ အဓိပ္ပါယ်ဖွင့်ဆိုချက်၊ စွန့်ပစ်ပစ္စည်းတို့ထွက်ရှိရာ အရင်းအမြစ်များ၊ ဘေးအန္တရာယ်ရှိ စွန့်ပစ်ပစ္စည်းများ၊ စွန့်ပစ်အမှိုက်များကြောင့် ကမ္ဘာ့လေထုမြေထုနှင့် ရေထုပျက်စီးမှုများ၊ အမှိုက်များ စနစ်တကျစွန့်ပစ်ခြင်းဖြင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ပူးပေါင်းဆောင်ရွက်ကြရေးတို့ကိုလည်းကောင်း ဆွေးနွေးဟောပြောခဲ့ကြသည်။

အဆိုပါအခမ်းအနားသို့ သထုံမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးစောရွှေနှင့် ဝန်ထမ်းများ၊ ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်သီတာငြိမ်းနှင့် ဝန်ထမ်းများ၊ ဌာနဆိုင်ရာများ၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းမှ ဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ခရိုင် (ပြန်/ဆက်)