နေပြည်တော် ဇူလိုင် ၃
နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီးရဲမိုးသည် တာဝန်ရှိသူများနှင့်အတူ ယမန်နေ့မွန်းလွဲပိုင်းက ပျဉ်းမနားမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးမှူးရုံး အစည်းအဝေးခန်းမ၌ မန္တလေးမြေငလျင်ကြီးကြောင့် ထိခိုက်ပျက်စီးခဲ့သည့် ပျဉ်းမနားမြို့နယ်အတွင်းရှိ နေအိမ်တစ်စိတ်တစ်ပိုင်းပျက်စီးသွားသော ပြည်သူများအား ထောက်ပံ့ပေးအပ်ပွဲကို တက်ရောက်ခဲ့သည်။
ဦးစွာ ငလျင်ဘေးကြောင့် ထိခိုက်သေဆုံးသူများအတွက် ဝမ်းနည်းခြင်းအနေဖြင့် တစ်မိနစ်ခန့်ငြိမ်သက်ပြီး နေပြည်တော်ကောင်စီဝင်ဗိုလ်မှူးကြီးရဲမိုးက အားပေးစကားပြောကြားရာတွင် နိုင်ငံ့တော်အနေဖြင့် ငလျင်ဘေးသင့်ပြည်သူများအတွက် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် နိုင်ငံတကာနှင့် ပြည်တွင်း၊ ပြည်ပအဖွဲ့အစည်းများ၏ အကူအညီများရယူလျက် အမြန်ဆုံးဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ငလျင်ဒဏ်ကြောင့် ထိခိုက်သွားသော လမ်းပန်းဆက်သွယ်ရေးကဏ္ဍများ၊ စိုက်ပျိုးရေး၊ မွေးမြူရေးကဏ္ဍများ၊ ကုန်ထုတ်လုပ်မှုကဏ္ဍများ၊ ရင်းနှီးမြှပ်နှံမှုကဏ္ဍများအတွက် ဘေးအန္တရာယ်ကြောင့် ထိခိုက်ဆုံးရှုံးနိုင်ခြေနည်းပါးရေးအတွက် အစီအမံများ ချမှတ်ဆောင်ရွက်လျက်ရှိကြောင်း၊ ပြည်သူများအနေဖြင့်လည်း မိမိတို့၏ စည်းစိမ်ဥစ္စာပစ္စည်းများ ဘေးအန္တရာယ်ကြောင့် ထိခိုက်ဆုံးရှုံးမှုမရှိစေရေး နည်းလမ်းကောင်းများဖြင့် ကြိုတင်ပြင်ဆင်ရန် လိုကြောင်းပြောကြားခဲ့သည်။
ထို့နောက် နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီးရဲမိုးက ငလျင်ဘေးကြောင့် နေအိမ်တစ်စိတ်တစ်ပိုင်း ပျက်စီးသွားသော ပြည်သူများအတွက် ထောက်ပံ့ငွေများပေးအပ်ခဲ့ပြီး ငလျင်ဘေးသင့်ပြည်သူတစ်ဦးမှ ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့သည်။
ယင်းနောက် နေပြည်တော်ကောင်စီဝင်ဗိုလ်မှူးကြီးရဲမိုးနှင့် တာဝန်ရှိသူများသည် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ပျဉ်းမနားမြို့နယ်အတွင်း ငလျင်ဘေးကြောင့် တစ်စိတ်တစ်ပိုင်းပျက်စီးနေအိမ် ၆၀၀ အိမ်အတွက် တစ်အိမ်လျှင် ထောက်ပံ့ငွေငါးသောင်းနှုန်းဖြင့် စုစုပေါင်းထောက်ပံ့ငွေ ကျပ်သိန်း ၃၀၀ ထောက်ပံ့နေမှုအခြေအနေများအား ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
မျိုးသီဟ (ပြန်/ဆက်)