နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး ငလျင်ဘေးကြောင့် တစ်စိတ်တစ်ပိုင်း ပျက်စီးနေအိမ်များအတွက် ထောက်ပံ့ငွေပေးအပ်ပွဲအခမ်းအနား တက်ရောက်၊ ဖောင်တော်ချက်မစေတီတော်ကြီး ပြန်လည်ပြုပြင်နေမှုအား ကွင်းဆင်းကြည့်ရှု

နေပြည်တော် ဇူလိုင် ၃

လယ်ဝေးမြို့နယ်အတွင်း ငလျင်ဘေးကြောင့် တစ်စိတ်တစ်ပိုင်းပျက်စီးနေအိမ်များအတွက် ထောက်ပံ့ငွေပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက လယ်ဝေးမြို့ရှိ သီရိမင်္ဂလာခန်းမ၌ ကျင်းပရာ အခမ်းအနားသို့ နေပြည်တော်သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ နေပြည်တော်ကောင်စီဝင်များ၊ ဌာနဆိုင်ရာများနှင့် တစ်စိတ်တစ်ပိုင်းပျက်စီးခဲ့သည့် နေအိမ်များမှ ဘေးသင့်ပြည်သူများ တက်ရောက်ခဲ့ကြသည်။

ရှေးဦးစွာ နေပြည်တော်သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက အမှာစကားပြောကြားရာတွင် မန္တလေးငလျင်ကြီးကြောင့် အဆောက်အဦလမ်းတံတားများ ထိခိုက်ပျက်စီးမှုများဖြစ်ပေါ်ခဲ့ပြီး  လူသေဆုံးမှုနှင့် ဒဏ်ရာရရှိမှုများဖြစ်ပွားခဲ့ပါကြောင်း၊ နိုင်ငံတော်မှ ငလျင်ဘေးပြန်လည်ထူထောင်ရေးနှင့်  ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများကို နိုင်ငံတကာနှင့် ပြည်တွင်းပြည်ပမှ အလှူရှင်များအပါအဝင် အရှိန်အဟုန်ဖြင့် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ငလျင်ဘေးပြန်လည်ထူထောင်ရေးအတွက် စိုက်ပျိုးမွေးမြူရေးကုန်ထုတ်လုပ်ငန်းများနှင့် MSME  လုပ်ငန်းများကိုလည်း ပုံမှန်လည်ပတ်မှုရှိအောင် ဆောင်ရွက်လျက်ရှိပါကြောင်း၊ သဘာဝဘေးအန္တရာယ်များဖြစ်ပွားပါက ကာကွယ်နိုင်ရေးနှင့် ရှာဖွေကူညီနိုင်ရေးအတွက် ကြိုတင်ပြင်ဆင်စုဖွဲ့မှုများဆောင်ရွက်ခြင်းနှင့် ဇတ်တိုက်လေ့ကျင့်ခြင်းများ ဆောင်ရွက်လျက်ရှိပါကြောင်း၊ ပြည်သူလူထုအနေဖြင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးလုပ်ငန်းများတွင် ပူးပေါင်းပါဝင်ဆောင်ရွက်ရန်နှင့် သဘာဝဘေးကြိုတင်အသိပေးမှုများ၊ မိုးလေဝသသတင်းများကိုလည်း စဉ်ဆက်မပြတ် ကြည့်ရှုလေ့လာရန်လိုအပ်ပါကြောင်း၊ ငလျင်ဘေးကြောင့် ပြိုကျပျက်စီးခဲ့သည့် အဆောက်အဦများကို နိုင်ငံတော်မှ ထောက်ပံ့ပေးလျက်ရှိရာ ယခုအခမ်းအနားတွင် လယ်ဝေးမြို့နယ်မှ တစ်စိတ်တစ်ပိုင်းပျက်စီးနေအိမ်များအတွက် ထောက်ပံ့ငွေများပေးအပ်သွားမှာဖြစ်ပါကြောင်း ပြောကြားခဲ့သည်။

ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက ငလျင်ဘေးကြောင့် တစ်စိတ်တစ်ပိုင်း ပျက်စီးခဲ့သည့် နေအိမ်အလုံးရှစ်ရာအတွက် စုစုပေါင်းငွေကျပ် သိန်းလေးရာအား ပေးအပ်ရာ ဘေးသင့်ပြည်သူများက လက်ခံရယူခဲ့သည်။

ဆက်လက်၍ နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုးက ဘေးသင့်ပြည်သူများအား ပန်းပေါင်းစုံ ဘုရားများ ပေးအပ်လှူဒါန်းခဲ့ပြီး ဘေးသင့်ပြည်သူတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။

ယင်းနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် ဘေးသင့်ပြည်သူများအား ထောက်ပံ့ငွေများ ထုတ်ပေးနေမှုကို ကြည့်ရှုအားပေးခဲ့သည်။

ထိုမှတဆင့် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် လယ်ဝေးမြို့၊ ဖောင်တော်ချက်မစေတီတော်ကြီးသို့ သွားရောက်ပြီး ငလျင်ဘေးကြောင့် ထိခိုက်ပျက်စီးခဲ့မှုများအား ဖယ်ရှားရှင်းလင်းနေမှုနှင့် ပြန်လည်ပြုပြင်ဆောင်ရွက်နေမှုများကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများမှ တင်ပြချက်များအပေါ်  စေတီတော်ကြီးအား ရှေးမူမပျက်ပြင်ဆင်နိုင်ရေး၊ ရှေးဟောင်းယဉ်ကျေးမှုနှင့် သုတေသနဦးစီးဌာန၏ အကြံပြုချက်များနှင့်အညီ ဆောင်ရွက်ရေး၊ ရေရှည်ခိုင်ခံမှုရှိအောင် စံချိန်စံညွှန်းနှင့်အညီ ဆောင်ရွက်သွားရန် မှာကြားပြီး စေတီတော်ကြီး ပြန်လည်ပြုပြင်နိုင်ရေးအတွက် မတည်လှူဒါန်းငွေအား ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

အောင်ကို (ပုဗ္ဗသီရိ)