အင်းလေးဖောင်တော်ဦးမြတ်စွာဘုရား ပြုပြင်မွမ်းမံရေးလုပ်ငန်းများ ပိုမိုမြန်ဆန်စွာ ဆောင်ရွက်ပြီးစီးနိုင်ရေး ဒေသခံပြည်သူများ ဝိုင်းဝန်းပါဝင်ဆောင်ရွက်

ညောင်ရွှေ ဇူလိုင်၂

အင်အားပြင်းထန်စွာလှုပ်ခတ်ခဲ့သည့် မန္တလေးငလျင်ဒဏ်ကြောင့် ရှမ်းပြည်နယ်၊ ညောင်ရွှေမြို့နယ်၊ အင်းလေးကန်အတွင်းရှိ အင်းလေးဖောင်တော်ဦးမြတ်စွာဘုရား ကိန်းဝပ်စံပါယ်တော်မူရာ ရတနာစံကျောင်းတော်၊ ကရဝိတ်ဖောင်တော်၊ ဖောင်တော်အဆောင်နှင့် စံကျောင်းတော်ရင်ပြင်တော်တို့တွင် ထိခိုက်ပျက်စီးမှုများဖြစ်ပေါ်ခဲ့ပြီး အဆိုပါထိခိုက်ပျက်စီးမှုများအား အမြန်ဆုံးပြန်လည်ပြုပြင်မွမ်းမံနိုင်ရေးအတွက် နိုင်ငံတော်အစိုးရ၏လမ်းညွှန်မှု၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ အနီးကပ်ကြီးကြပ်မှုတို့ဖြင့် ကျွမ်းကျင်ပညာရှင်ကြီးများ၊ အသိပညာရှင်၊ အတတ်ပညာရှင်များ၊ အနယ်အနယ်အရပ်ရပ်မှ စေတနာရှင်အလှူရှင်များ၏ ထည့်ဝင်လှူဒါန်းမှုများဖြင့် ဝိုင်းဝန်းကြိုးပမ်း အကောင်အထည်ဖော်လျက်ရှိကြသည်။

ထို့သို့ ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် အင်းလေးဒေသအတွင်းရှိ ဒေသခံပြည်သူများက ပြုပြင်တည်ဆောက်မွမ်းမံမှုလုပ်ငန်းများ ပိုမိုလျင်မြန်စွာဆောင်ရွက်ပြီးစီးနိုင်ရေးအတွက် မိမိတို့ကျေးရွာအလိုက် ဆန္ဒအလျောက် လုပ်အားဒါနပါဝင်ကုသိုလ်ယူ၍ ဘုရားရင်ပြင်တော်နှင့် ကရဝိတ်အဆောင် ပြုပြင်မွမ်းမံတည်ဆောက်ရေးလုပ်ငန်းများတွင် ပူးပေါင်းပါဝင်ဆောင်ရွက်လျက်ရှိသည်။

ယခုအခါ ပြုပြင်မွမ်းမံတည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်ဆဲကာလဖြစ်ခြင်းကြောင့် ခရီးသွားပြည်သူများနှင့် ဘုရားဖူးလာသူများအား စံကျောင်းတော်အတွင်းဝင်ရောက် ဖူးမြော်ကြည်ညိုခွင့်ကို ဘုရားဂေါပကအဖွဲ့တာဝန်ရှိသူများက ယာယီရပ်နားထားပြီး အမြန်ဆုံးပြန်လည်ခွင့်ပြုနိုင်ရေးအတွက် ကျွမ်းကျင်ပညာရှင်ကြီးများ၊ ကျွမ်းကျင်လုပ်သားများဖြင့်လည်းကောင်း၊ ခေတ်မီနည်းပညာများဖြင့်လည်းကောင်း၊ စက်ယန္တယားကြီးများဖြင့်လည်းကောင်း၊ ပတ်ဝန်းကျင်ကျေးရွာများရှိ ဒေသခံပြည်သူများ၏ လုပ်အားဓာနများဖြင့်လည်းကောင်း အင်တိုက်အားတိုက် ဆောင်ရွက်လျက်ရှိကြောင်းနှင့် ဩဂုတ်လအတွင်း ပြီးစီးအောင်ဆောင်ရွက်သွားနိုင်မည်ဟု မျှော်မှန်းကြောင်း ဘုရားဂေါပကအဖွဲ့ထံမှ သိရှိရသည်။

စိုင်းအယ်ဘဲ