အင်းစိန် ဇူလိုင် ၂
ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးစိုးသိန်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ တိုင်းအဆင့် ဌာနဆိုင်ရာတာဝန်ရှိပုဂ္ဂိုလ်များသည် ယမန်နေ့နံနက်ပိုင်းက သန်လျင်ခရိုင်၊ ကိုကိုးကျွန်းမြို့နယ်၏ ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရေး လှည့်လည်ကြည့်ရှုစစ်ဆေးကြသည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကိုကိုးကျွန်း အခြေခံပညာအထက်တန်းကျောင်းတွင် ကျောင်းသား၊ ကျောင်းသူများ စာသင်ကြားနေမှု အခြေအနေများ၊ သိပ္ပံခန်း၊ စာကြည့်တိုက်နှင့် ကျောင်းဝင်းအတွင်း လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပြီး တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်နေသည်များကို ရှင်းလင်းတင်ပြရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က လိုအပ်သည်များ မှာကြားသည်။
ထို့နောက် သာသနမဏ္ဍိုင်ကျောင်းတိုက် ဆရာတော်အား ဖူးမြော်ကြည်ညိုပြီး လှူဖွယ်ပစ္စည်းများနှင့် နဝကမ္မအလှူငွေများကိုလည်းကောင်း၊ တိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများက နဝကမ္မအလှူငွေများကိုလည်းကောင်း ဆက်ကပ်လှူဒါန်းကြသည်။
ယင်းနောက် ကိုကိုးကျွန်းမြို့နယ်ခန်းမတွင် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရပ်မိရပ်ဖများ၊ မြို့နယ်နေပြည်သူများနှင့် တာဝန်ရှိသူများနှင့်တွေ့ဆုံရာ ကိုကိုးကျွန်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညီညီစောက ကိုကိုးကျွန်းမြို့နယ်၏ ဒေသဆိုင်ရာအချက်အလက်များအား ရှင်းလင်းတင်ပြပြီး ဌာနဆိုင်ရာများက လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများအား ရှင်းလင်းတင်ပြကြပြီးနောက် မြို့မိမြို့ဖများက မြို့နယ်အတွင်း လိုအပ်ချက်များကို တင်ပြခဲ့ကြသည်။
ဆက်လက်၍ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးစိုးသိန်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များက ကြက်ဥ၊ ကြက်သွန်နီ အစရှိသည့် မီုးဖိုချောင်သုံး ရိက္ခာများ၊ အသက်ကယ်အင်္ကျီ၊ မိုးကာ၊ ဗလာစာအုပ်နှင့် စာရေးကိရိယာများ၊ အားကစားပစ္စည်းများ၊ သုတ/ရသ စာအုပ်များနှင့် ချီးမြှင့်ငွေများအား သက်ဆိုင်ရာ တာဝန်ရှိသူများထံ ပေးအပ်ခဲ့ကြပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်က နိဂုံးချုပ်အမှာစကားပြောကြားရာ သဘာဝဘေးအန္တရာယ် ကျရောက်လာပါက ကြိုတင်ပြင်ဆင်မှုများနှင့် အသက်ကယ်အင်္ကျီများ ထားရှိရန်၊ ရောက်ရှိလာသည့် အစားအစာများနှင့် တစ်ကိုယ်ရည်သုံး ပစ္စည်းများအား စနစ်တကျဖြန့်ဝေပေးသွားရန်နှင့် လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း စသည်တို့ကို မှာကြားသည်။
၎င်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကိုကိုးကျွန်း နေရောင်ခြည်စွမ်းအင်သုံး ဓာတ်အားပေးစက်ရုံတွင် ဆိုလာဖြင့် မြို့နယ်အတွင်း ဖြန့်ဝေနိုင်ရေး လုပ်ငန်းဆောင်ရွက်နေမှုများအားလည်းကောင်း၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးဌာနတွင် မြို့နယ်အတွင်း သောက်သုံးရေဖြန့်ဝေပေးနေသည့် ရေသန့်စက်အား လည်းကောင်း၊ ကိုကိုးကျွန်းရေလှောင်တာတမံ၏ ကြံ့ခိုင်မှုနှင့် ရေသိုလှောင်ထားရှိမှုအခြေအနေများအား ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များ မှာကြားသည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် မြို့နယ်ပြည်သူဆေးရုံတွင် ဆေးရုံတက်ရောက်ကုသမှုခံယူနေသော လူနာများအား ချီးမြှင့်ငွေပေးအပ်ပြီး ဆေးရုံအတွင်း လှည့်လည်ကြည့်ရှုစစ်ဆေးကာ ချီးမြှင့်ငွေနှင့် ဆေးရုံအတွက်လိုအပ်သော ဆေးပစ္စည်းများအား တာဝန်ရှိသူများထံ ပေးအပ်သည်။
၎င်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် လူမှုဝန်ထမ်းဦးစီးဌာန၊ ကိုကိုးကျွန်း မူလတန်းကြိုကျောင်းတွင် ကလေးငယ်များ သင်ကြားနေမှုအား သွားရောက်ကြည့်ရှုအားပေးပြီး ကလေးငယ်များ စားသောက်ရေးအတွက် ချီးမြှင့်ငွေများပေးအပ်ခဲ့ကြောင်း သိရသည်။
ဇွဲထက်ကို (ပြန်/ဆက်)