မော်လမြိုင် ဇူလိုင် ၂
၂ဝ၂၅ ခုနှစ်၊ ပြည်နယ်နှင့် တိုင်းဒေသကြီး အသက်(၁၈)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် မွန်ပြည်နယ် အသက်(၁၈)နှစ်အောက် အမျိုးသားဘောလုံးအသင်းအား အောင်နိုင်ရေးအလံပေးအပ်ခြင်း အခမ်းအနားကို ဇူလိုင် ၂ ရက်နေ့ နံနက်ပိုင်းက မော်လမြိုင်မြို့၊ ပြည်နယ်အစိုးရအဖွဲ့ရုံးရာမညခန်းမ၌ ကျင်းပပြုလုပ်ရာ မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်အစိုးရအဖွဲ့၀င်၀န်ကြီးများ ပြည်နယ်အဆင့်ဌာနဆိုင်ရာများ အမျိုးသားဘောလုံးအသင်းမှ အဖွဲ့ခေါင်းဆောင်၊ အုပ်ချုပ်သူ၊ နည်းပြများနှင့် အားကစားသမားများ တက်ရောက်ခဲ့သည်။
ရှေးဦးစွာမွန်ပြည်နယ် အသက်(၁၈)နှစ်အောက် အမျိုးသားဘောလုံးအသင်းမှ အဖွဲ့ခေါင်းဆောင်၊ အုပ်ချုပ်သူ၊ နည်းပြများနှင့် အားကစားသမားများက တစ်ဦးချင်းမိတ်ဆက်ဂါရဝပြုကြပြီး ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းက ပြည်နယ်နှင့် တိုင်းဒေသကြီး အသက် (၁၈) နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ကြမည့် ဘောလုံးအသင်းအောင်နိုင်ရေးအတွက် မွန်ပြည်နယ် ပြည်သူလူထုကိုယ်စား စိတ်ဓါတ်ခွန်အားများ ပေးလိုက်ခြင်းဖြစ်ကြောင်း၊ မွန်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် နယ်ပယ်စုံ၊ကဏ္ဍစုံဖွံ့ဖြိုး တိုးတက်ရေးအားထုတ်ကြိုးပမ်းဆောင်ရွက်လျက်ရှိရာမှာ အားကစားကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် အလေးထားဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ပြိုင်ပွဲဝင်အားကစားသမားများအနေနဲ့ ပြိုင်ပွဲစည်းမျဉ်း/စည်းကမ်းများကို လေးစားလိုက်နာကြရမှာဖြစ်ပြီး အားကစားသမားကောင်း ပီသစွာပြုမူကျင့်ကြံနေထိုင်သွားကြဖို့နဲ့ အနိုင်မခံအရှုံးမပေးသည့် ကြံ့ခိုင်သော စိတ်ဓာတ်၊ မလျှော့သောဇွဲ၊ လုံ့လဝီရိယဖြင့် ပြိုင်ပွဲတိုင်းတွင် အနိုင်ရအောင် ရင်ဆိုင်ယှဉ်ပြိုင်ကြရစေလိုကြောင်း ပြောကြားသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က အသက်(၁၈)နှစ်အောက် အမျိုးသားဘောလုံးအသင်းအားအောင်နိုင်ရေးအလံနှင့် ဂုဏ်ပြုချီးမြှင့်ငွေများအားလည်းကောင်း၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးက ဂုဏ်ပြုချီးမြှင့်ငွေများအားလည်းကောင်း အသီးသီးပေးအပ်ခဲ့သည်။
ဆက်လက်၍ မွန်ပြည်နယ် အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးနှင့် အသင်းတာဝန်ရှိသူများမှ ပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင်မည့် အခြေအနေများနှင့် လေ့ကျင့်ဆောင်ရွက်ထားမှုအခြေအနေများအား ရှင်းလင်းတင်ပြပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ပြိုင်ပွဲဝင်အားကစားသမားများအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်ခဲ့ကြောင်း သိရှိရသည်။
စည်သူ (ပြန်/ဆက်)