မိုင်းဆတ် ဇူလိုင် ၂
၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၃ ရက်နေ့တွင်ကျရောက်မည့် မြန်မာအမျိုးသမီးများနေ့ အထိမ်းအမှတ်အကြို ဟောပြောပွဲနှင့် စာအုပ်စာစောင်ပြပွဲကို ယနေ့ နေ့လယ်ပိုင်းက ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ မိုင်းဆတ်မြို့၊ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ခရိုင်နှင့်မြို့နယ် အမျိုးသမီးရေးရာအဖွဲ့တို့ပူးပေါင်းပြီး လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ဦးစွာ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မျိုးမျိုးသွယ်က “ဂုဏ်ယူဖွယ်ရာ မြန်မာအမျိုးသမီးတို့၏ ဂုဏ်ရည်” ခေါင်းစဉ်ဖြင့် မြန်မာအမျိုးသမီးများသည် ရိုးရာယဉ်ကျေးမှု ဓလေ့ထုံးတမ်းအစဉ်အလာကောင်းများကို မြတ်နိုးစွာထိန်းသိမ်း စောင့်ရှောက်ရန် လိုအပ်ပုံအားလည်းကောင်း၊ ခရိုင်အမျိုးသမီးရေးရာအဖွဲ့ဝင် ဒေါ်အိအိခိုင်က မြန်မာအမျိုးသမီးများ၏ အခွင့်အရေးနှင့်ဘဝကို ထိန်းသိမ်းစောင့်ရှောက်မြှင့်တင်ပေးရန် လိုအပ်ပုံအား လည်းကောင်း၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင် ဒေါ်နှင်းရူပါက မြန်မာအမျိုးသမီးများသည် နောင်လာမည့် အနာဂတ်၏ကြယ်ပွင့်လေးများဖြစ်သည်နှင့်အညီ ဗုဒ္ဓဘာသာထွန်းကားသော နိုင်ငံဖြစ်သည့်အတွက် တရားတော်နှင့်လျော်ညီသည့် ဆင်ယင်ထုံးဖွဲ့မှုများနှင့်သာ ဝတ်ဆင်ကြရန် လိုအပ် ပုံအားလည်းကောင်း အကျယ်တဝင့်ဆွေးနွေးဟောပြောခဲ့ကြောင်း သိရသည်။
ထို့နောက် တက်ရောက်လာသော ကျောင်းသား၊ ကျောင်းသူလေးများက ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသည့် အသိပညာပေးစာအုပ်စာစောင်များအား စိတ်ပါဝင်စားစွာ ဖတ်ရှုလေ့လာကြည့်ရှုခဲ့ကြောင်း သိရသည်။
ယဉ်ယဉ်ဝင်း(ပြန်/ဆက်)