ကျိုက်ထိုမြို့နယ်တွင် မုန်တိုင်းဘေးနှင့် ရေဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး စုပေါင်းဇာတ်တိုက် လေ့ကျင့်

ကျိုက်ထို ဇူလိုင် ၂     

မွန်ပြည်နယ်၊ ကျိုက်ထိုခရိုင်၊ ကျိုက်ထိုမြို့နယ် သဘာဝဘေးစီမံခန့်ခွဲမှုကော်မတီ၏ဦးဆောင်မှုဖြင့် မုန်တိုင်းဘေးနှင့်ရေဘေးအန္တရာယ် ဖြစ်ပွားလာပါက ကြိုတင်ကာကွယ်နိုင်ရေး စုပေါင်းဇာတ်တိုက်လေ့ကျင့်ခြင်းကို ယမန်နေ့နံနက်ပိုင်းက ကျိုက်ထိုမြို့၊ မြောက်ပိုင်းရပ်ကွက်ရှိ ကဒက်ချောင်းရေထိန်းတံခါး၌ ပြု လုပ်ခဲ့ကြသည်။

ဇာတ်တိုက်လေ့ကျင့်ရာတွင် ကျိုက်ထိုခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးကံစောလှိုင်မှ ဘေးအန္တရာယ်ဖြစ်ပွားခဲ့မှုအခြေအနေများနှင့် ဘေးမဖြစ်မီ၊ ဘေးဖြစ်ဆဲ၊ ဘေးဖြစ်ပွားပြီး စနစ်တကျ ဆောင်ရွက်မည့်အစီအမံများကို ရှင်းလင်းပြောကြားပြီး မြို့နယ်မီးသတ်ဦးစီးအရာရှိ ဦးဝေယံအောင်မှ မုန်တိုင်းအန္တရာယ်နှင့် ပတ်သက်သည့် ကြိုတင်သတိပြုရမည့်အခြေနေများ၊ ဘေးလွတ်ရာ ယာယီကယ်ဆယ်ရေးစခန်းသို့ ရွှေ့ပြောင်းခိုလှုံခြင်း၊ အန္တရာယ်ကျရောက်နေသူများအား နည်းလမ်းအမျိုးမျိုးဖြင့် ရှာဖွေကယ်ဆယ်ခြင်း၊ ထိခိုက်ဒဏ်ရာရသူများအား ရှေးဦးပြုစုခြင်း၊ ဘေးလွတ်ရာသို့ရောက်ရှိသူများအား ကျန်းမာရေးပြုစုစောင့် ရှောက်မှုဆောင်ရွက်ခြင်း စသည့်လုပ်ငန်းစဉ်များကို ရှင်းလင်း‌ပြောကြားပြီး ကဏ္ဍအလိုက် သဏ္ဍန်တူဇာတ်တိုက်လေ့ကျင့်ခြင်းများ ပြုလုပ်ခဲ့ကြသည်။

အဆိုပါ ဇာတ်တိုက်လေ့ကျင့်ရာသို့ ကျိုက်ထိုခရိုင်စီမံအုပ်ချုပ်‌ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကံစောလှိုင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်‌ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတင့်လွင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့် သဘာဝဘေးစီမံခန့်ခွဲမှုကော်မတီဝင်များ၊ မီးသတ်တပ်ဖွဲ့၊ ကြက်ခြေနီသူနာပြုတပ်ဖွဲ့၊ လူမှုကူညီရေးအဖွဲ့များ၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးအဖွဲ့များနှင့် ရပ်ကွက်သူ/သားများ ပူးပေါင်းပါဝင် ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ကျိုက်ထို(ပြန်/ဆက်)