မက်မန်း ဇူလိုင် ၂
ရှမ်းပြည်နယ် “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းခရိုင်၊ မက်မန်းမြို့နယ် ခရိုင်/မြို့နယ် အမျိုးသမီးရေးရာအဖွဲ့နှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၃ ရက်နေ့တွင်ရောက်ရှိမည့် မြန်မာအမျိုးသမီးများနေ့ အထိမ်းအမှတ်အကြို မြန်မာအမျိုးသမီးများ၏ အခွင့်အရေးများအကြောင်း အသိပညာပေးဟောပြောပွဲကို ယမန်နေ့ နေ့လယ် ၁ နာရီ ၃၀ မိနစ်အချိန်တွင် မက်မန်းမြို့ အခြေခံပညာအထက်တန်းကျောင်းတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ခရိုင်အမျိုးသမီးရေးရာအဖွဲ့ ဥက္ကဋ္ဌ ဒေါ်ညိုမှ အဖွင့်အမှာစကားပြောကြားရာတွင် အမျိုးသမီးများ ဘဝဖွံ့ဖြို့းတိုးတက်ရေးနှင့် ဘဝလုံခြုံမှုတို့အတွက် ကာကွယ်စောင့်ရှောက်ပေးထားသည့် ရည်ရွယ်ချက်(၇)ချက်မှ အခြေခံမူငါးချက်အကြောင်း၊ မြန်မာအမျိုးသမီးများနေ့စတင်ဖွဲ့စည်းခဲ့သည့် အကြောင်း၊ “မြန်မာအမျိုးသမီးရေးရာအဖွဲ့ချုပ်”၏ ဆောင်ပုဒ်များအကြောင်းကို ဆွေးနွေးဟောပြောခဲ့သည်။ ဆက်လက်၍ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ အတွင်းရေးမှူး ရဲမှူးညွန့်ဝင်းမှ မြန်မာအမျိုးသမီးများ၏ အခွင့်အရေးများအကြောင်းနှင့် အမျိုးသမီးများအကြမ်းဖက်ခံမှုမှ ကာကွယ်ရေးဥပဒေများ အကြောင်း ဆွေးနွေးဟောပြောခဲ့ကြသည်။
ထို့နောက် “မြန်မာအမျိုးသမီးများနေ့” အထိမ်းအမှတ် ဉာဏ်စမ်းပဟေဠိ ပြိုင်ပွဲကို ဆက်လက်ကျင်းပခဲ့ပြီး ဆုရရှိသည့် ကျောင်းသား/ကျောင်းသူများကို ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၃ ရက်နေ့ “မြန်မာအမျိုးသမီးများနေ့” အခမ်းအနားတွင် ဆုများအသီးသီးပေးအပ်ချီးမြှင့်သွားမည် ဖြစ်ကြောင်း သိရသည်။
အေဇက်ထွန်း(မက်မန်း)