ပင်လောင်းမြို့၌ အခြေခံမော်တော်ဆိုင်ကယ် ပြုပြင်ထိန်းသိမ်းနည်းသင်တန်းဖွင့်ပွဲ ကျင်းပ

ပင်လောင်း ဇူလိုင် ၂

ရှမ်းပြည်နယ်(တောင်ပိုင်း) ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ်တွင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေး၊ ကျေးလက်နေမိသားစုဝင်ငွေတိုးရေး စီမံကိန်းလုပ်ငန်း အစီအစဉ်ဖြင့် ဖွင့်လှစ်သည့်  အခြေခံမော်တော်ဆိုင်ကယ်ပြုပြင်ထိန်းသိမ်းနည်း သင်တန်းဖွင့်ပွဲကို ယနေ့နံနက် ၁၀ နာရီက မင်္ဂလာကွက်သစ်ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး၌ ပြုလုပ်ခဲ့သည်။

ဖွင့်ပွဲတွင် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ဒေသဦးစီးမှူး ဦးဝင်းကျော်မျိုးက ကျေးလက်နေပြည်သူများ၏ ဝင်ငွေတိုးရေးဆောင်ရွက်ရာတွင် လုပ်ငန်းထူထောင်ပေးခြင်းနှင့် ကျေးရွာ၏ ဒေသထွက်ကုန်ကြမ်းအပေါ်မူတည်၍ ကုန်ထုတ်လုပ်ငန်းများ၊ အသက်မွေးဝမ်းကျောင်းဆိုင်ရာနည်းပညာ သင်တန်းများပို့ချပေးခြင်း၊ လုပ်ငန်းထူထောင်လိုသူများကိုလည်း လုပ်ငန်းထူထောင်နိုင်သည့်အထိ လိုအပ်သောနည်းပညာနှင့် စက်ပစ္စည်းများ ထောက်ပံ့ပေးခြင်းဖြင့် လုပ်ငန်းအကောင်အထည်ဖော် ဆောင်ရွက်ပေးလျက်ရှိပြီး ကျေးလက်နေပြည်သူများ ဝင်ငွေတိုးရေးအတွက် ယခုဖွင့်လှစ်ပေးသည့် အခြေခံမော်တော်ဆိုင်ကယ် ပြုပြင်ထိန်းသိမ်းနည်းသင်တန်းလည်းပါဝင်ကြောင်း ပြောကြားပြီး၊ ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတင့်ဇော်ထက်က သင်တန်းတွင်အသုံးပြုမည့် သင်ထောက်ကူပစ္စည်းများပေးအပ်ရာ သင်တန်းသားတစ်ဦးက လက်ခံရယူပေးခဲ့ကြောင်း သိရသည်။

ယင်းနောက်တာဝန်ရှိသူများ၊ ရပ်ကွက်ရပ်မိရပ်ဖများ၊ သင်တန်းသားများနှင့်အတူ စုပေါင်းမှတ်တမ်းဓာတ်ပုံရိုက်ကူးခဲ့ကြကြောင်း၊ အဆိုပါသင်တန်းနည်းပြ ဆရာနှစ်ဦးဖြင့် ဇူလိုင်လ ၂ ရက်နေ့မှ ဩဂုတ်လ ၁၆ ရက်နေ့အထိ  စာတွေ့၊ လက်တွေ့သင်ကြားပေးသွားမည်ဖြစ်ပြီး၊ သင်တန်းတွင်ကျေးရွာများနှင့် ရပ်ကွက်များမှ သင်တန်းသား(၁၃)ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)