ပုဗ္ဗသီရိမြို့၌ လယ်ယာမြေခွင့်ပြုမိန့်မရှိဘဲ အခြားနည်းသုံးစွဲမှုမရှိစေရေး အသိပညာ​ပေး​ဟောပြောပွဲ ကျင်းပ

ပုဗ္ဗသီရိ ဇူလိုင် ၂

နေပြည်တော်၊ ပြည်ထောင်စုနယ်မြေ၊ ပုဗ္ဗသီရိမြို့နယ်၌ လယ်ယာမြေခွင့်ပြုမိန့်မရှိဘဲ အခြားနည်းသုံးစွဲမှုမရှိစေရေး အသိပညာပေးဟောပြောပွဲကို ယနေ့နံနက်(၁၁)နာရီက ပုဗ္ဗသီရိမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီဌာနရှိ အစည်းအဝေးခန်းမဆောင်တွင် ကျင်းပပြုလုပ်ခဲ့​သည်။

ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိန်ကြည်က လယ်ယာမြေများပေါ်တွင် နှစ်ရှည်ဥယျာဉ် သစ်ပင်စိုက်ပျိုးမှုမရှိစေရေး၊ အိမ်ဆောက်နေထိုင်မှုမရှိစေရေး၊ မွေးမြူရေးခြံဆောက်လုပ်မှုမရှိစေရေးနှင့် အကွက်ရိုက်ရောင်းချမှုမရှိစေ‌ရေးသည့် အကြောင်းအရာများကို ရှင်းလင်းပြောကြားခဲ့ပြီး ကျေးလတ်နေပြည်သူများဖြင့် ဥပဒေကို လေးစားလိုက်နာရန်နှင့် ဥပဒေနှင့်အညီ ပူးပေါင်းပါဝင်‌ပေးကြရန် သတိပေးပြောကြားခဲ့သည်။

ဆက်လက်၍ ​မြို့နယ်ကြေးတိုင်နှင့်မြေစာရင်းဦးစီး​ဌာနမှ ဒုတိယဦးစီးမှူး ဦးအောင်မြင့်ကျော်မှ ကျေးလတ်နေပြည်သူများအနေဖြင့် လယ်ယာမြေများကိုအခြားနည်း အသုံးပြုလိုပါက သက်ဆိုင်ရာဌာနများသို့ တင်ပြလျှောက်ထားပြီး ခွင့်ပြုမိန့်ရမှသာ အခြားနည်းအသုံးပြုရန်နှင့် ဥပဒေနှင့်မညီသော အသုံးပြုမှုများအား ရှင်းလင်းဖယ်ရှားခံရနိုင်မည်ဖြစ်ကြောင်း ပြောကြားခဲ့ပြီး မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးထက်အောင်ကျော်မှ ရှင်းလင်းဖယ်ရှားပြီး လယ်ယာမြေများအား ပြန်လည်စိုက်ပျိုးရန် မျိုးစေ့များလိုအပ်ပါက မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနနှင့် ချိတ်ဆက်ဆောင်ရွက်နိုင်ကြောင်း ပြောကြားခဲ့ကြောင်း သိရသည်။

မိုးလရောင်(ပြန်/ဆက်)