ကျောက်ဆည် ဇူလိုင် ၂
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်တွင် စိုက်ပျိုးသီးနှံမျိုးစုံ ရေလုံလောက်စွာပေးဝေနိုင်ရေး မြို့နယ်ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ ပြန်လည်ပြုပြင်သင့်သည့် ရေပြွန်များ၊ ရေတံခါးများ၊ ရေကျအဆောက်အအုံများအားပြန်လည်ပြုပြင်ပေးခြင်း၊ တိမ်ကောနေသည့် မြောင်းများအားတူးဖော်ပေးခြင်း၊ မြောင်းဆလံများအားကျောက်သားနံရံစီပေးခြင်း၊ ရေပေးဝေမြောင်းများပေါ်တွင် ဆောက်လုပ်ထားသော ကုန်ထုတ်တံတားများပြန်လည်ပြုပြင်ပေးခြင်းလုပ်ငန်းများကို ဘဏ္ဍာနှစ်အလိုက် ဆောင်ရွက်ပေးလျက်ရှိရာ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်တွင် ကွမ်းဆေးမြောင်းတွင် ဆောက်လုပ်ထားသော ကုန်ထုတ်တံတား(၁)စင်းအား ပြန်လည်ပြုပြင်ပေးခဲ့ကြောင်း သိရသည်။
အဆိုပါကုန်ထုတ်တံတားသည် ကျောက်ဆည်မြို့နယ် သမန္တလင်းကျေးရွာအနီး ကွမ်းဆေးမြောင်း၏ ပေတိုင်အမှတ်(-၄၀+၂၀၀၀)တွင် တည်ရှိပြီး တံတားသည် နှစ်ကာလကြာမြင့်ပြီဖြစ်သောကြောင့် တံတားကြမ်းခင်းများ ခိုင်ခန့်မှုမရှိခြင်း၊ လက်ရမ်းများပျက်စီးနေပြီး ယာဉ်သွားလမ်း ကျဉ်းမြောင်းခြင်း၊ မော်တော် ဆိုင်ကယ်များသွားလာရာ၌ အန္တရာယ်ရှိခြင်း၊ တောင်သူများ၏ လယ်ယာထွက်ကုန်များ သယ်ယူရာတွင် အခက်အခဲ့ဖြစ်ပေါ်နေခြင်း စသည့်တို့ကြောင့် တိုင်းဒေသကြီးခွင့်ပြုရန်ပုံငွေ (၂၀.၀၀၀) ကျပ်သန်းအကုန်အကျခံကာ ဇွန်လ(၁)ရက်နေ့မှစတင်၌ မြို့နယ်ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ အလျား (၃၂)ပေ၊ အကျယ်(၁၂)ပေ၊ အမြင့်(၈)ပေ ပြန်လည်ပြုပြင်ပေးခြင်းဖြစ်ကြောင်း သိရသည်။
ကုန်ထုတ်တံတား ပြန်လည်ပြုပြင်ပြီးစီးပါက သမန္တလင်းကျေးရွာနှင့်ပတ်ဝန်းကျင်ကျေးရွာများမှ တောင်သူများ၏ လယ်ယာထွက်ကုန်များ သယ်ယူရေးနှင့် လူမှုစီးပွားဘဝကဏ္ဍများ အဆင်ပြေချောမွေ့သွားမည်ဖြစ်ကြောင်း သိရသည်။
သက်မောင်(ကျောက်ဆည်)