ပြင်ဦးလွင် ဇူလိုင် ၂
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ ပြင်ဦးလွင်မြို့နယ်တွင် သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ပြင်ဦးလွင်ခရိုင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အတွင်း အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစုဝင်ငွေ တိုးရေးစီမံကိန်း၊ လူငယ်များအလုပ်အကိုင် ဖန်တီးပေးနိုင်ရေးဆောင်ရွက်မည့်လုပ်ငန်းဖြင့် ဖွင့်လှစ်သည့် အခြေခံ စက်ချုပ်နည်းပညာသင်တန်းဆင်းပွဲကို ယနေ့ နံနက်ပိုင်းက ပြင်ဦးလွင်မြို့နယ်၊ လက်ပံကုန်း (မ) ကျေးရွာတွင် ကျင်းပရာ အဆိုပါ အခမ်းအနားသို့ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ တာဝန်ရှိသူများ၊ ခရိုင်အဆင့်ကော်မတီဝင်များ၊ လက်ပံကုန်း (မ)ကျေးရွာမှ တာဝန်ရှိသူများ၊ စီမံကိန်းကော်မတီဝင်များ၊ သင်တန်းနည်းပြများနှင့် သင်တန်းသူများ တက်ရောက်ကြကြောင်း သိရသည်။
ရှေးဦးစွာ ပြင်ဦးလွင်ခရိုင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ခရိုင်ဦးစီးမှူးက သင်တန်းဆင်း အမှာစကားနှင့် ဌာန၏ လုပ်ငန်းဆောင်ရွက်ချက်များ၊ စီမံကိန်းလုပ်ငန်း ဆောင်ရွက်နိုင်မှု အခြေအနေများ၊ ရည်ရွယ်ချက်များနှင့် အကျိုးကျေးဇူးများ၊ လုပ်ငန်းထူထောင်နိုင်ရန် လုပ်ငန်းသုံးပစ္စည်းများပေးအပ်မည့် အစီအစဉ်များအား ပြောကြားသည်။
ထို့နောက် ခရိုင်အဆင့်ကြီးကြပ်မှုကော်မတီအဖွဲ့ဝင် ဦးသက်လွင်ထူးက သင်တန်းထွက်ကုန်များအား သင်တန်းသူတစ်ဦးထံ ပေးအပ်ခဲ့ပြီး သင်တန်းသူတစ်ဦးမှ ကျေးဇူးတင်စကား ပြောကြားခဲ့ပြီးနောက် စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးကာ အခမ်းအနားကို အောင်မြင်စွာ ရုပ်သိမ်းခဲ့သည်။
အဆိုပါ အခြေခံစက်ချုပ်နည်းပညာသင်တန်းတွင် အခြေခံ စက်နင်းနည်း၊ ကိုယ်တိုင်းနည်း၊ patternဆွဲနည်း၊ အခြေခံစကပ်ချုပ်နည်း၊ ရင်စေ့ချုပ်နည်း၊ ရင်ဖြတ်ချုပ်နည်း၊ ခါးဆက်ဂါဝန်ချုပ်နည်း၊ ရင်ဖုံးချုပ်နည်း၊ ကလေးဘောင်းဘီချုပ်နည်း၊ သင်္ဘောသားအင်္ကျီချုပ်နည်း စသည်များအား (၂.၆.၂၀၂၅) ရက်မှ (၃၀.၆.၂၀၂၅)ရက်နေ့အထိ စာတွေ့၊ လက်တွေ့ သင်ကြားပေးခဲ့ပြီး မွမ်းမံသင်တန်းအား ဆက်လက်ဖွင့်လှစ်ပေးသွားမည်ဖြစ်ကာ အမှန်တကယ်လုပ်ငန်း ထူထောင်မည့် ထူးချွန်သင်တန်းသား (၅)ဦးအား သတ်မှတ်ချက်များနှင့်အညီ ရွေးချယ်ပြီး လုပ်ငန်းသုံးပစ္စည်းများ ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။
သွေးသွေး(ပြန်/ဆက်)