မိုင်းပျဉ်း အ.ထ.က(ခွဲ)တွင် မိုးရာသီကျောင်းကောင်စီဖလား ဘောလုံးပြိုင်ပွဲ ဆုပေးပွဲကျင်းပ

မိုင်းပျဉ်း ဇူလိုင် ၂

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့နယ်၊ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)၏ မိုးရာသီကျောင်းကောင်စီဖလား ဘောလုံးပြိုင်ပွဲ ဆုပေးပွဲအခမ်းအနားကို ၂၀၂၅ ခုနှစ် ယနေ့နံနက်(၁၀)နာရီက အဆိုပါကျောင်း နီလာခန်းမ၌ ကျင်းပပြုလုပ်သည်။

ရှေးဦးစွာ အထက်တန်းဆင့် ကျောင်းသား၊ ကျောင်းသူလေးများက “ပညာရေးဖြင့် ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်သစ်ကြီးတည်ဆောက်အံ့” သီချင်းဖြင့် သီဆို၍ အခမ်းအနားကို ဖွင့်လှစ်သည်။ ထို့နောက်  မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင် ဦးစိုင်းထွန်းစိန်က အဖွင့်အမှာစကားပြောကြားပြီး အ.ထ.က(ခွဲ)ကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်ဖြူဖြူဝင်းက ဂုဏ်ပြုအမှာစကားပြောကြားသည်။ ဆက်လက်၍ ဆုရရှိသော ကျောင်းကောင်စီ ဘောလုံးအသင်းများအား ဆုများချီးမြှင့်ရာ ပထမဆုရရှိသော အနော်ရထာအသင်းအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဦးစိုင်းထွန်းစိန်ကလည်းကောင်း၊ ဒုတိယဆုရရှိသော ကျန်စစ်သားအသင်းအား အ.ထ.က ကျောင်းအုပ်ဆရာမကြီး ဒေါ်သီတာခိုင်ကလည်းကောင်း၊ တတိယဆုရရှိသော ဘုရင့်နောင်အသင်းအား ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးအရာရှိ ဒေါ်နန်းသန္တာဦးကလည်းကောင်း၊ ကျန်နှစ်သိမ့်ဆုများအား ကျောင်းအကျိုးတော်ဆောင်များကလည်းကောင်း ဆုများအသီးသီးချီးမြှင့်ပေးခဲ့ကြသည်။ အခမ်းအနားကို အထက်တန်း‌ကျောင်းသားများက“မြန်မာ့ကျောင်း” သီချင်းဖြင့် သီဆို၍ ပိတ်သိမ်းခဲ့ကြောင်း သိရသည်။

အဆိုပါအခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင် ဦးစိုင်းထွန်းစိန်၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယစီးမှူး ဦးအားဆာ၊ ကျောင်းအကျိုးတော်ဆောင်များ၊ ကျောင်းအုပ်ကြီးများနှင့် ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ စုံလင်စွာ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

နန်းသန္တာဦး(ပြန်ဆက်)