တာချီလိတ် ဇူလိုင် ၂
အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီမှ ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလအတွင်း ရာဂီမုန်တိုင်းအရှိန်ကြောင့် ရေကြီးနစ်မြှုပ်၍ ထိခိုက်ပျက်စီးခဲ့သည့် ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့နယ်အတွင်းမှ တောင်သူများ၏ စပါးသီးနှံစိုက်ဧက ၁၀၃၈ အတွက် မျိုးစေ့နှင့် သွင်းအားဆုများ ထည့်သွင်းနိုင်ရန်အတွက် ထောက်ပံ့ငွေပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက မကာဟိုခမ်းရပ်ကွက်ရှိ အောင်မြတ်ခန်းမ၌ ကျင်းပသည်။
ရှေးဦးစွာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတင့်ဝေသုံက အဖွင့်အမှာစကားပြောကြားပြီး ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက တာချီလိတ်မြို့နယ်အတွင်းမှ တောင်သူများ၏ စပါးသီးနှံစိုက်ဧက ၁၀၃၈ အတွက် ထောက်ပံ့ပေးအပ်ရာ သက်ဆိုင်ရာကျေးရွာအလိုက် စပါးစိုက်တောင်သူများက လက်ခံရယူသည်။
အဆိုပါအခမ်းအနားတွင် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီမှ ၂၀၂၄-၂၀၂၅ ခုနှစ်၊ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရာဂီမုန်တိုင်းကာလအတွင်း ရေကြီးနစ်မြှုပ် ပျက်စီးသွားသည့် စပါးစိုက်ခင်းများအား တစ်ဧကလျှင် ငွေကျပ် ၁၀၀၀၀၀ နှုန်းဖြင့် မိုင်းကိုးကျေးရွာအုပ်စု စပါးစိုက်တောင်သူ ၂၈ ဦး၏ ၈၉ ဧက၊ မိုင်းဖုန်း (က)ကျေးရွာအုပ်စု တောင်သူ ၄၇ ဦး၏ ၉၆ ဧက၊ မိုင်းဖုန်း (ခ)ကျေးရွာအုပ်စု တောင်သူ ၁၀၉ ဦး၏ ၃၄၈ ဧက၊ ဖန်မင်ကျေးရွာအုပ်စု တောင်သူ ၁ ဦး၏ ၄ ဧက၊ မိုင်းဟဲကျေးရွာအုပ်စု တောင်သူ ၁၈၀ ဦး၏ ၄၉၅ ဧက၊ မိုင်းလင်း (အနောက်) ကျေးရွာအုပ်စု တောင်သူ ၃ ဦး၏ ၆ ဧကတို့အတွက် စပါးစိုက်တောင်သူ ၃၆၈ ဦး၏ ၁၀၃၈ ဧကအားစုစုပေါင်းငွေကျပ် ၁၀၃၈ သိန်းကို မျိုးစေ့နှင့် သွင်းအားဆုများ ထည့်သွင်းနိုင်ရန် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
ကျော်ဇေယျာလင်း (ပြန်/ဆက်)