ချမ်းအေးသာစံ ဇူလိုင် ၂
မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးအောင်သည် တိုင်းဒေသကြီး ဝန်ကြီးများနှင့် တာဝန်ရှိသူများ လိုက်ပါပြီး မန္တလေးမြို့ဝင် စစ်ဆေးရေးဂိတ်ကြီးများဖြစ်သော အမရပူရမြို့နယ်ရှိ (ရန်ကုန်-မန္တလေးလမ်း)ပေါ်ရှိ မြစ်ငယ်စစ်ဆေးရေးဂိတ်နှင့် ဧရာဝတီတံတား (ရတနာပုံ) မြစ်ကူးတံတား (မန္တလေး) စစ်ဆေးရေးဂိတ်များသို့ ယမန်နေ့မွန်းလွဲပိုင်းက သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
အဆိုပါ စစ်ဆေးရေးဂိတ်များသို့ ရောက်ရှိစဉ် တိုင်းဒေသကြီးဝန်ကြီးချုပ်က တာဝန်ရှိသူများအား မန္တလေးမြို့သို့ ဝင်ရောက်သည့် အဓိက မြို့ဝင်ဂိတ်ကြီးများဖြစ်ပြီး ခရီးသွားပြည်သူများ သွားလာမှု အခက်အခဲ မဖြစ်ပေါ်စေရေး၊ ယာဉ်ကြောကြပ်တည်းမှုနှင့် ရှုပ်ထွေးမှုများ မဖြစ်ပေါ်စေရေး၊ ကုန်သွယ်မှုနှင့် ကုန်စည်စီးဆင်းမှုများ မှန်ကန်မြန်ဆန်စေရေး၊ တံတားရေရှည် ကြံ့ခိုင်ရေးအတွက် စနစ်တကျ စစ်ဆေးကြပ်မတ်ခြင်းအား အလေးထားဆောင်ရွက်ရေး၊ တရားမဝင်ကုန်သွယ်မှု တားဆီးရေးလုပ်ငန်းများကို လုံခြုံရေးအသိ၊ လုံခြုံ ရေးသတိတို့ဖြင့် ထိရောက်စွာဆောင်ရွက်သွားရေး၊ အနီးဝန်းကျင် သန့်ရှင်းသာယာလှပရေးတို့ကို အစဉ်အမြဲ ဆောင်ရွက်သွားရေးတို့ကို မှာကြားပြီး တာဝန်ရှိသူများ၏ ရှင်းလင်းတင်ပြမှုများအပေါ် ပေါင်းစပ်ဖြည့်ဆည်းဆောင်ရွက်ပေးပြီး ယာဉ်များဖြတ်သန်းသွားလာမှု အခြေအနေများ၊ သဘာဝဘေးငလျင်ဒဏ်ကြောင့် အခက်အခဲ ကြုံတွေ့နေရသည့် ပြည်သူများသွားလာရေး အဆင်ပြေချောမွေ့စေရန်၊ ကုန်စည်စီးဆင်းမှုများ ပုံမှန်လည်ပတ်နိုင်စေရန် မန္တလေး(ရွှေကြက်ယက်)ဆိပ်ကမ်းနှင့် စစ်ကိုင်းဆိပ်ကမ်းတို့အကြား ကုန်တင်ကားကြီးများ မြစ်ကူးပို့ဆောင်ခြင်းကို ပုဂ္ဂလိကပိုင်ရေယာဉ်၊ တွဲရေယာဉ်များဖြင့် သယ်ယူ ပို့ဆောင်ပေးနေမှု အခြေအနေများ၊ ငလျင်ဒဏ်ကြောင့် မြို့ပတ်လမ်း(ကမ်းနားလမ်း)၊ အမရပူရမြို့နယ်အတွင်းရှိ ထိခိုက်ပျက်စီးခဲ့သည့် လမ်းပိုင်းပျက်စီးမှုနှင့် ပြင်ဆင်ထားမှု အခြေအနေများကို လိုက်လံကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များကို တာဝန်ရှိသူများအား ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ထွန်းထွန်းနိုင် (ပြန်/ဆက်)