တပ်ကုန်းမြို့၌ ပြေစာများအပေါ် အခွန်အမှတ်တံဆိပ်ကပ်နှိပ်ခြင်းနှင့်စပ်လျင်း၍ အခွန်ပညာပေး ရှင်းလင်းဆွေးနွေးပွဲ ကျင်းပ

တပ်ကုန်း ဇူလိုင် ၂

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် တပ်ကုန်းမြို့နယ် အခွန်ဦးစီးဌာနမှူးရုံးအနေဖြင့် မြို့နယ်အတွင်းရှိ လုပ်ငန်းရှင်များ ပြေစာများအပေါ်တွင် အခွန်အမှတ်တံဆိပ်ကပ်နှိပ်ခြင်းနှင့် စပ်လျဉ်းသည့် အခွန်ပညာပေးဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ဦးစွာ တပ်ကုန်းမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ အတွင်းရေးမှူး၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး မြစိုးက အဖွင့်အမှာစကားပြောကြားပြီး၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အခွန်ဦးစီးဌာနမှူးရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မာမာသင်းက အခွန်နှင့်ပတ်သက်၍ သိရှိရမည့်ကိစ္စရပ်များနှင့် လိုက်နာဆောင်ရွက်ရမည့် ဥပဒေများ၊ လုပ်ငန်းစဉ်နှင့် လုပ်ထုံးလုပ်နည်းများ၊ ပြေစာများ အပေါ်တွင် အခွန်အမှတ်တံဆိပ်ကပ်နှိပ်ခြင်းဆိုင်ရာ ပြဋ္ဌာန်းချက်များအား ရှင်းလင်းဆွေးနွေးခဲ့ပြီးနောက် တက်ရောက်လာသော လုပ်ငန်းရှင်များက သိရှိလိုသည်များ မေးမြန်းကြရာ လက်ထောက်ညွှန်ကြားရေးမှူးနှင့် မြို့နယ်ဦးစီးမှူးတို့က ပြန်လည်ရှင်းလင်းဖြေကြားပေးခဲ့သည်။

အဆိုပါဆွေးနွေးပွဲသို့ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် လုပ်ငန်းရှင်များ စုစုပေါင်း ၇၅ ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။

တင်စိုးလွင်