ကျောက်ပန်းတောင်းမြို့နယ်မီးသတ်ဦးစီးဌာနမှ ငလျင်ဘေးဒဏ်ဆိုင်ရာ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများကို နိုင်ငံတကာစံသတ်မှတ်ချက်များနှင့်အညီ ဇာတ်တိုက်လေ့ကျင့်မှုဆောင်ရွက်

ကျောက်ပန်းတောင်း ဇူလိုင် ၂

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင် ကျောက်ပန်းတောင်းမြို့နယ် မီးသတ်ဦးစီးဌာနမှ ငလျင်ဘေးဒဏ်ဆိုင်ရာ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဇာတ်တိုက်လေ့ကျင့်ခြင်းကို ယနေ့နံနက် ၉ နာရီက အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းတွင် နိုင်ငံတကာ စံသတ်မှတ်ချက်များနှင့်အညီ ဇာတ်တိုက်လေ့ကျင့် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။ 

အဆိုပါ ခမ်းအနားတွင် ရှေ့ဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန်းလွင်က အဖွင့်အမှာစကားပြောကြားခဲ့သည်။

ယင်းနောက်မြို့နယ်မီးသတ်ဦးစီးမှူး ဦးသန်းမြင့်၊ စခန်းမှူး ဒုတိယဦးစီးမှူး ဦးနိုင်လင်းထွန်းနှင့် ဝန်ထမ်းများက ငလျင်ဘေးဒဏ်နှင့်ပတ်သက်၍ သဏ္ဍာန်တူရှာဖွေကယ်ဆယ်ရေး လုပ်ငန်းများကို သတ်မှတ်အဆင့်အတိုင်း အချိန်နှင့်တစ်ပြေးညီ စုဖွဲ့ဆောင်ရွက်ကြသည်။ “ကျွန်တော်တို့ ဒီငလျင်ဘေးဒဏ်ရှာဖွေကယ်ဆယ်ရေးဆိုင်ရာ သဏ္ဌန်တူဇာတ်တိုက် လေ့ကျင့်မှုကို နိုင်ငံတကာ သတ်မှတ်ချက်တွေဖြစ်တဲ့ စံ(၅)ချက်နဲ့အညီ ဇာတ်တိုက်လေ့ကျင့်ခြင်းဖြစ်ပါတယ်။ ငလျင်ဘေးဒဏ်တို့၊ မီးဘေးအန္တရာယ်တို့၊ ရေဘေးအန္တရာယ်တို့စတဲ့ သဘာဝဘေးအန္တရာယ်တွေနဲ့တွေ့ကြုံလာရင် တပ်ဖွဲ့ဝင်တွေရဲ့ စုဖွဲ့မှုနဲ့ အချိန်တိုတိုအတွင်း ထိခိုက်လူနာများကိုရှာဖွေကယ်တင်ခြင်းလုပ်ငန်းတွေအချိန်နဲ့ တစ်ပြေးညီဆောင်ရွက်နိုင်အောင်နှင့် ကူညီကယ်ဆယ်ရေးလုပ်ငန်းဆိုင်ရာပစ္စည်းများကို လည်း ကျွမ်းကျွမ်းကျင်ကျင် ကိုင်တွယ်အသုံးပြုတတ်အောင် အခုလို သဏ္ဌန်တူ ဇာတ်တိုက်လေ့ကျင့် နေခြင်းဖြစ်ပါ တယ်…” ဟု မြို့နယ်မီးသတ်ဦးစီးဌာနမှူး ဦးသန်းမြင့်က ပြောခဲ့သည်။

အဆိုပါဇာတ်တိုက်လေ့ကျင့်မှုကို မီးငြှိမ်းသတ်ယာဉ်(၂)စီး၊ လူနာတင်ယာဉ်(၂)စီးနှင့် အတူ သန္ဓေ တပ်ဖွဲ့ဝင် နှင့်အရန်တပ်ဖွဲ့ဝင် စုစုပေါင်း(၃၅)ဦးတို့ပါဝင်ခဲ့ကြပြီး ၊နိုင်ငံတကာ သတ်မှတ်ချက် ASR Leval ဖြစ်သည့်၊ ASR Levaal(1) - Wide Area Assessment . ASR Leval(2) - Sector Assessment. ASR Leval(3)-Rapid Scearch and Resuce. ASR Leval (4)- Full Search and Resuce. ASR Leval(5)-Total Coverage Search and  Resuce LEVAL များအတိုင်း အဆင့် (၅) ဆင့်ဖြင့်ဇာတ် တိုက်လေ့ကျင့်မှု ဆောင်ရွက်ခဲ့သည်။

ယင်းနောက် မီးငြှိမ်းသတ်အဖွဲ့၊ ရှာဖွေကယ်ဆယ်ရေးအဖွဲ့နှင့် ပူးပေါင်းဆောင်ရွက်ခဲ့သည့် အရန်မီးသတ်တပ်ဖွဲ့ဝင်များအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသန်းလွင်နှင့်ဌာနဆိုင်ရာများမှ ချီးမြှင့်သည့်ဂုဏ်ပြုဆုငွေ(၄၅၀၀၀၀)ကျပ်အား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသန်းလွင် မြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးနိုင်ဝင်းထွန်း၊ မြို့နယ်ဆည်မြောင်းနှင့်ရေအသုံးချရေးဦးစီးဌာန ဦးစီးအရာရှိ (မြို့ပြ) ဦးကျော်ဝင်းဆွေ၊ မြို့နယ်မီးသတ်ဦးစီးမှူးဦးသန်းမြင့်တို့က ဂုဏ်ပြုဆုငွေများပေးအပ်ရာ သက်ဆိုင်ရာ အဖွဲ့ခေါင်းဆောင်များက လက်ခံရယူကြသည်။ ယင်းနောက် မြို့နယ်မီးသတ် ဦးစီးမှူးက ခင်းကျင်းပြသထားသည့် အရေးပေါ်မီးငြှိမ်းသတ်ရေးနှင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများတွင် အသုံးပြုသည့် လုပ်ငန်းသုံးပစ္စည်းများကို လိုက်လံရှင်းလင်းပြသရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့ဝင်များနှင့် ဆရာ/ ဆရာမများက လိုက်လံကြည့်ရှုလေ့လာကြပြီး အခမ်းအနားကို ရုပ်သိမ်းလိုက်သည်။

အဆိုပါ အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊  ဌာနဆိုင်ရာများ၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ မြို့မိမြို့ဖလုပ်ငန်းရှင်များ၊ အမှတ်(၂)အခြေခံပညာ အထက်တန်းကျောင်း ကျောင်းအုပ်ဆရာကြီး ဦးတင်မောင်ဝင်းနှင့် ဆရာ/ ဆရာများ၊ ကျောင်းသား၊ ကျောင်းသူများ စုစုပေါင်းအင်အား (၅၈၀) ဦး တက်ရောက်ခဲ့ကြကြောင်း သိရသည်။

သဲသဲ (ပြန်/ဆက်)