မိတ္ထီလာခရိုင်တွင် အဓိကသီးနှံများ ပန်းတိုင်အထွက်နှုန်းရရှိရေး နည်းပညာပေး(TOT)သင်တန်းဖွင့်

မိတ္ထီလာ ဇူလိုင် ၂

မန္တလေးတိုင်းဒေသကြီး မိတ္ထီလာခရိုင်တွင် အဓိကသီးနှံများ ပန်းတိုင်အထွက်နှုန်းရရှိရေး နည်းပညာပေး (TOT)သင်တန်းကို ဇူလိုင် ၁ ရက်က  ခရိုင်စိုက်ပျိုးရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ဖွင့်လှစ်သည်။

အခမ်းအနားတွင် မိတ္ထီလာခရိုင်စိုက်ပျိုးရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်စန္ဒာလင်းက  အဓိကသီးနှံများ ပန်းတိုင်အထွက်နှုန်းရရှိရေး နည်းပညာ ပေး(TOT)သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်နှင့် သင်တန်းမှ ပို့ချသော  ပန်းတိုင်အထွက်းနှုန်းရရှိရေး နည်းပညာများအား တောင်သူများသို့ ဆက်လက် ဖြန့်ဖြူးပညာပေးရေး ရှင်းလင်းပြောကြားသည်။ ယင်းနောက် သင်တန်းကို ဆက်လက်ဖွင့်လှစ်ပို့ချခဲ့ရာ တိုင်းဒေသကြီး မြေအသုံးချရေးတာဝန်ခံ ဒေါ်သင်းသင်းချိုက သီးနှံများ ပန်းတိုင်အထွက်နှုန်းရရှိရေး မြေဆီသြဇာ ထက်သန်းစေရန်  ဆောင်ရွက်ရမည့် နည်းလမ်းများနှင့် မြေသြဇာ စနစ်တကျ ထည့်သွင်းနည်းစနစ်များကို လည်းကောင်း၊  တိုင်းဒေသကြီး မျိုးစေ့ဌာနခွဲမှ ဦးစီးအရာရှိက မျိုးကောင်းမျိုးသန့်မျိုးစေ့ ထုတ်လုပ်ခြင်းနှင့် အဓိက သီးနှံများ ပန်းတိုင်အထွက်နှုန်းရရှိနိုင်မည့် မျိုးများ၏ အရည်အချင်း လက္ခဏာများအကြောင်းကို လည်းကောင်း၊ တိုင်းဒေသကြီး သီးနှံကာကွယ်ရေးဌာနခွဲမှ ဦးစီးအရာရှိက သီးနှံများပန်းတိုင်အထွက်နှုန်းရရှိရေးအတွက် စတင်စိုက်ပျိုးချိန်မှ ရိတ်သိမ်းချိန်ထိစိုက်ခင်းများတွင် ဘက်စုံပိုးမွှားကာကွယ်နှိမ်နင်းနည်းနှင့် သိုလှောင်ထိန်းသိမ်းနည်းများစသည်တို့ကို ပို့ချသည်။ ဆက်လက်၍ သင်တန်းသား သင်တန်းသူများက သိရှိလိုသည်များကို မေးမြန်းရာ သင်တန်းဆရာဆရာမများက ပြန်လည်ဖြေကြားခသည်။

အဆိုပါ သင်တန်းကို  မိတ္ထီလာခရိုင် စိုက်ပျိုးရေးဦးစီးဌာနရုံးနှင့် မိတ္ထီလာ၊ မလှိုင်၊ သာစည်၊ ဝမ်းမြို့နယ်များမှ ဝန်ထမ်း (၁၀၁)ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။

သိန်းမြင့်ကျော်(မိတ္ထီလာ)