ချမ်းအေးသာစံ ဇူလိုင် ၂
အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီက မန္တလေးငလျင်ဘေးသင့် ပြည်သူများအား ဆန်(၁)လစာ (ဒုတိယ)အကြိမ် နှင့် ဝန်ထမ်းမှီခိုသူများအတွက် ဆန်၊ ဆီ၊ ဆား၊ ကုလားပဲ၊ ငါးပိ (၁)လစာ ထောက်ပံ့ပေးအပ်ခြင်း အခမ်းအနားများကို ယမန်နေ့ နံနက်ပိုင်းက ကျောက်ဆည်ခရိုင် ကျောက်ဆည်မြို့ရှိ မြို့တော်ခန်းမ၌လည်းကောင်း၊ မွန်းလွဲပိုင်းက အောင်မြေသာစံခရိုင်၊ အောင်မြေသာစံမြို့နယ်ရှိ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌လည်းကောင်း ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါ အခမ်းအနားသို့ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် တာဝန်ရှိသူများ၊ ဌာနဆိုင်ရာများမှ အရာထမ်း၊ အမှုထမ်းများ၊ ငလျင်ဘေးသင့်ပြည်သူများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြသည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က အဖွင့်အမှာစကား ပြောကြားရာတွင် အမျိုးသားသဘာဝ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီက ငလျင်ဘေးဒဏ်ခံစားခဲ့ရသော မန္တလေးတိုင်းဒေသကြီး အတွင်းရှိ ငလျင်ဘေးသင့်ပြည်သူတစ်ဦးအတွက် ဆန်ရိက္ခာ(၁)လစာ (ဒုတိယ) အကြိမ်၊ ဝန်ထမ်းမှီခိုသူတစ်ဦးအတွက် ဆန်၊ ဆီ၊ ဆား၊ ကုလားပဲ၊ ငါးပိ(၁)လစာတို့အား လတ်တလော စားသောက်ရေး အဆင်ပြေစေရေး ထောက်ပံ့ပေးအပ်ခြင်းဖြစ်ပါကြောင်း၊ ငလျင်ဘေးကြောင့် နေအိမ်များ ပြိုကျပျက်စီးမှု၊ တစ်စိတ်တစ်ပိုင်းပျက်စီးမှုများအတွက် အိမ်ဆောက်ပစ္စည်းများနှင့် ထောက်ပံ့ငွေများအား ထောက်ပံ့နိုင်ရေး ဆောင်ရွက်ရှိပါကြောင်းနှင့် ဘေးသင့်ပြည်သူများအတွက် ပြန်လည်ထူထောင်ရေး လုပ်ငန်းများအား အမျိုးသားသဘာဝဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ၏ ကြီးကြပ်မှုဖြင့် ကြိုးပမ်းဆောင်ရွက်နေပါကြောင်း၊ သဘာဝဘေးအန္တရာယ်များ ကြုံတွေ့လာပါက ထိခိုက်ဆုံးရှုံးမှု အနည်းဆုံးဖြင့် တုံ့ပြန်နိုင်ရေးအတွက် သက်ဆိုင်ရာ ဌာနဆိုင်ရာများမှ ဆောင်ရွက်လျက်ရှိသည့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုလုပ်ငန်းများ၊ ပြန်လည်ထူထောင်ရေးလုပ်ငန်းများတွင် တက်ကြွစွာ ပူးပေါင်းပါဝင်ဆောင်ရွက်သွားကြရမည် ဖြစ်ပါကြောင်း ပြောကြားခဲ့သည်။
၎င်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် တာဝန်ရှိသူများက အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီက မန္တလေးငလျင်ဘေးသင့်ဝန်ထမ်းများနှင့် ပြည်သူများအား ထောက်ပံ့သည့် ဆန်နှင့်ရိက္ခာပစ္စည်းများကို သက်ဆိုင်ရာစီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများနှင့် ငလျင်ဘေးသင့်ပြည်သူများထံ ပေးအပ်ခဲ့ပြီး ပြည်သူတစ်ဦးက ကျေးဇူးတင်စကား ပြောကြားခဲ့ကြောင်း ယခုထောက်ပံ့ပေးမှုမှာ ၂၀၂၅ ခုနှစ် မေလ အတွက်ဖြစ်ပြီး ငလျင်ဘေးသင့် ပြည်သူ (၁၅၁၇၇၆) ဦး အတွက် တစ်ဦးလျှင် ဆန်(၁)လစာ၊ ဝန်ထမ်း နှင့် မှီခိုသူ (၃၄၈၉၁)ဦးအတွက် တစ်ဦးလျှင် ဆန်၊ ဆီ၊ ဆား၊ ကုလားပဲ၊ ငါးပိ (၁)လစာ စုစုပေါင်း (၁၈၆၆၆၇)ဦးအတွက် ဆန်အိတ် (၅၈၃၃၄) အိတ်၊ ဆီ (၂၆၁၆၈) ပိသာ၊ ဆား (၁၀၄၆၇)ပိသာ၊ ကုလားပဲ (၅၂၃၃၆) ပိသာ နှင့် ငါးပိ (၅၂၃၄) ပိသာ တို့ကို ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
ထွန်းထွန်းနိုင် (ပြန်/ဆက်)