မောက်မယ်မြို့နယ်၌ မြန်မာအမျိုးသမီးများနေ့အထိမ်းအမှတ် ဆွေးနွေးပွဲကျင်းပ

မောက်မယ် ဇူလိုင် ၂

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ မြန်မာအမျိုးသမီးများနေ့အထိမ်းအမှတ် ဆွေးနွေးပွဲကို ယမန်နေ့နေ့လယ် ၁ နာရီက ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်နန်းမိုခမ်းက မြန်မာအမျိုးသမီးများနေ့ ဖြစ်ပေါ်လာပုံအကြောင်းကို ရှင်းလင်းဆွေးနွေးပြီး မြို့နယ်အမျိုးသမီးကော်မတီအတွင်းရေးမှူး မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်သက်သက်ဝင်းက အမျိုးသမီးများ၏အခွင့်အရေးဆိုင်ရာကဏ္ဍများနှင့် ကျား/မတန်းတူညီမျှရေး၊ အမျိုးသမီးများ၏ အမျိုးသမီးသက်မွေးပညာရပ်ဆိုင်ရာ သင်တန်းများဖွင့်လှစ်ပေးခြင်းဆိုင်ရာများကို ဆွေးနွေးခဲ့ပြီး မြို့နယ်ဥပဒေအရာရှိ ဒေါ်မြတ်ဆုဆုဇော်က မြန်မာအမျိုးသမီးများနှင့် ယဉ်ကျေးမှုဓလေ့ထုံးတမ်းစဉ်လာများအကြောင်းနှင့် အကြမ်းဖက်ခံရသော အမျိုးသမီးများနှင့် အမျိုးသမီးငယ်များကို လုံခြုံအောင်ကာကွယ်စောင့်ရှောက်မှု ဥပဒေများအကြောင်းနှင့်ပတ်သက်၍ အကျယ်တဝင့် အပြန်အလှန်ရှင်းလင်းဆွေးနွေးပေးခဲ့ပြီး (Community Centre)ခန်းမ၌ ခင်းကျင်းပြသထားသည့် မူးယစ်ဆေးဝါးအန္တရာယ်တားဆီးကာကွယ်ရေး၊ ပလပ်စတစ်အသုံးပြုမှုလျှော့ချရေးနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး အသိပညာပေး နံရံကပ်စာစောင်များနှင့် ဓာတ်ပုံများအား ကြည့်ရှုလေ့လာခဲ့ကြသည်။

အဆိုပါဆွေးနွေးပွဲသို့ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့နှင့် မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေး အသင်းဝင်များတို့ ပူးပေါင်းပါဝင်တက်ရောက် ဆွေးနွေးခဲ့ကြောင်း သိရသည်။

စိုင်းမျိုးသန့်(မောက်မယ်)