ချမ်းအေးသာစံ ဇူလိုင် ၂
မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင်သည် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် တာဝန်ရှိသူများ လိုက်ပါပြီး ယမန်နေ့ နံနက်ပိုင်းက ကျောက်ဆည်ခရိုင်အတွင်း ဆီသန့်စင်စက်ဝယ်ယူတပ်ဆင်၍ ဆီသန့်စင်ခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှု၊ နွေစပါးပန်းတိုင် အထွက်နှုန်းရရှိရေး စံပြကွက်အောင်မြင်ဖြစ်ထွန်းမှု ကွင်းသရုပ်ပြပွဲနှင့် ဆောက်အင်းဆိုလာစနစ် ပူးတွဲလျှပ်စစ်မြစ်ရေတင်စီမံကိန်းလုပ်ငန်းများသို့ ကွင်းဆင်းကြည့်ရှုခဲ့ကြကြောင်း သိရသည်။
ထိုသို့ ကွင်းဆင်းကြည့်ရှုရာတွင် ကျောက်ဆည်မြို့ အာရှသားဆီစက်လုပ်ငန်းသို့ ရောက်ရှိပြီး မန္တလေးတိုင်းဒေသကြီး ဆီစက်ပိုင်ရှင်များအသင်းဥက္ကဋ္ဌနှင့် အာရှသားဆီစက် လုပ်ငန်းရှင်တို့က ဆီသန့်စင်စက် (Refine Machine) အား ဝယ်ယူတပ်ဆင်ပြီးစီးမှုနှင့် ဆီသန့်စင်ထုတ်လုပ်နေမှု၊ မြန်မာနိုင်ငံမှ စိုက်ပျိုးထွက်ရှိသည့် ဆီထွက်သီးနှံများမှ ထွက်ရှိသည့် ပဲပုပ်ဆီ၊ ပန်းနှမ်းဆီ၊ နှမ်းဆီ၊ မြေပဲဆီ၊ နေကြာဆီ၊ ဝါစေ့ဆီ၊ မုန်ညင်းဆီ ကုန်ကြမ်းများကို နိုင်ငံတကာအဆင့်မီ သန့်စင်ပြီး ဆီထုတ်လုပ်နိုင်မှုနှင့် တစ်နေ့လျှင် ၃၀၀၀ ပိဿာအထိ သန့်စင်ထုတ်လုပ်ပေးနိုင်မည့် အခြေအနေများ၊ မြေပဲဆီထုတ်လုပ်နေမှု အဆင့်ဆင့်နည်းစဉ်များကိုလည်းကောင်း၊ လုပ်ငန်းများ ဆက်လက်တိုးချဲ့နိုင်ရန် စီစဉ်ဆောင်ရွက်နေမှု အခြေအနေများကို လည်းကောင်း ရှင်းလင်းတင်ပြရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က ပြည်တွင်းစားသုံးဆီ ဖူလုံမှုရှိစေရေး၊ ဆီထွက်သီးနှံပန်းတိုင် ရည်မှန်းချက်များ ပြည့်မီရေး၊ ပြည်ပသွင်းကုန်လျှော့ချပြီး ပြည်ပပို့ကုန်များ တင်ပို့နိုင်ရေး ပြည်တွင်းထုတ်လုပ်နိုင်မှု ပိုမိုတိုးတက်လာအောင် ဝိုင်းဝန်း ကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း ပြောကြားပြီး ရှင်းလင်းတင်ပြမှုများအပေါ် လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေး၍ လုပ်ငန်းလည်ပတ် နေမှုများကို လှည့်လည်ကြည့်ရှုခဲ့သည်။
၎င်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အဖွဲ့သည် စဉ့်ကိုင်မြို့နယ် ဆောက်အင်းကျေးရွာရှိ တောင်သူ ဦးကျော်နိုင်ဦး၏ နွေစပါး(ဆင်းသုခ) ပန်းတိုင်အထွက်နှုန်းရရှိရေး စံပြကွက်အောင်မြင်ဖြစ်ထွန်းနေမှု ကွင်းသရုပ်ပြနေရာသို့ ရောက်ရှိပြီး မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနမှ ရှင်းလင်းတင်ပြမှုများနှင့် တက်ရောက်လာသည့် တောင်သူများမှ တင်ပြချက်များအပေါ် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးပြီး နွေစပါး (ဆင်းသုခ) အောင်မြင်ဖြစ်ထွန်းနေမှုနှင့် မိုးစပါးစိုက်ပျိုးထားမှုများကို လိုက်လံကြည့်ရှုခဲ့သည်။
ဆက်လက်၍ စဉ့်ကိုင်မြို့နယ်၊ ဆောက်အင်းကျေးရွာအနီးရှိ ဆောက်အင်းဆိုလာစနစ် ပူးတွဲလျှပ်စစ်မြစ်ရေတင်စီမံကိန်းသို့ ရောက်ရှိပြီး ဆည်မြောင်းနှင့်ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးက ဒုဋ္ဌဝတီမြစ်ပေါ်တွင် မြစ်ရေတင်စီမံကိန်း ၁၅ ခုဆောင်ရွက်ထားရှိမှု၊ ယခုစီမံကိန်းတွင် လျှပ်စစ်ဓာတ်အား ချွေတာသုံးစွဲနိုင်ရေးအတွက် လျှပ်စစ်နှင့် ဆိုလာစနစ်ပူးတွဲပြီး လာမည့်မိုးရာသီမှစ၍ အကျိုးပြုဧက ၁၀၀၀ အထိ စိုက်ပျိုးရေ ပေးဝေနိုင်ရန် ဆောင်ရွက်နေမှု အခြေအနေများကို ရှင်းလင်းတင်ပြရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က ရှင်းလင်းတင်ပြမှုများအပေါ် လိုအပ်သည်များကို ပေါင်းစပ်ဖြည့်ဆည်း ဆောင်ရွက်ပေး၍ လုပ်ငန်းဆောင်ရွက်နေမှုများကို လိုက်လံကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
ထွန်းထွန်းနိုင် (ပြန်/ဆက်)