သမိုင်းဝင်ရွှေကြက်ကျဆုတောင်းပြည့်မြတ်စွာဘုရားအား မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးအောင် ဖူးမြော်

ချမ်းအေးသာစံ ဇူလိုင်

မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင်သည် တိုင်းဒေသကြီးအစိုးရ အဖွဲ့ဝင်ဝန်ကြီးများနှင့် တာဝန်ရှိသူများ လိုက်ပါပြီး ယမန်နေ့ မွန်းလွဲပိုင်းက အမရပူရမြို့နယ်ရှိ သမိုင်းဝင်ရွှေကြက်ကျဆုတောင်း ပြည့်မြတ်စွာဘုရားသို့ သွားရောက်ဖူးမြော်၍ ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့သည့် ဘုရား၊ စေတီ၊ ပုထိုးများနှင့် သာသနိကအဆောက်အအုံများကို လိုက်လံကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

အဆိုပါ ဘုရားသို့ ရောက်ရှိစဉ် တိုင်းဒေသကြီးဝန်ကြီးချုပ်အား တာဝန်ရှိသူများက စေတီတော်ကြီးနှင့် အရံစေတီတော်များ၊ ရုပ်ပွားတော်မြတ်များနှင့် သာသနိကအဆောက်အအုံများ ထိခိုက်ပျက်စီးခဲ့မှုနှင့် အပျက်အစီးများအား ဖယ်ရှားရှင်းလင်းဆောင်ရွက်ထားမှုနှင့် ဆက်လက်ဆောင်ရွက်မည့် အစီအမံများအား ရှင်းလင်းတင်ပြရာ တိုင်းဒေသကြီးဝန်ကြီး ချုပ်က ရှင်းလင်းတင်ပြမှုများအပေါ် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးပြီး လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။

ဆက်လက်၍ ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့သည့် ဘုရား၊ စေတီ၊ ပုထိုးများနှင့် သာသနိက အဆောက်အအုံများအား ပြန်လည်ပြုပြင်တည်ဆောက်ခြင်းလုပ်ငန်းများ ဆောင်ရွက်ရာတွင် အသုံးပြုနိုင်ရန်အတွက်  မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့က လှူဒါန်းသည့် ဘိလပ်မြေအိတ် ၅၀၀ ကို တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့ကဂေါကပအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများထံ လှူဒါန်း ပေးအပ်ခဲ့ကြောင်း သိရသည်။

ထွန်းထွန်းနိုင် (ပြန်/ဆက်)