မိုးနဲ ဇူလိုင် ၂
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းတို့ပူးပေါင်းကာ ယနေ့နံနက် ၁၀ နာရီအချိန်က ဇွန်လိုင်လ ၃ ရက်နေ့တွင်ကျရောက်မည့် မြန်မာအမျိုးသမီးများနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် လူထုအခြေပြုဗဟိုဌာန(Community Center)ခန်းမနေရာ၌ ဆွေးနွေးပွဲနှင့် စာအုပ်ပြပွဲဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ဆွေးနွေးပွဲတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်နန်းမွမ်းဆိုင်က အဖွင့်အမှာစကားပြောကြားပေးခဲ့သည်။ ထို့နောက် အမျိုးသမီးများ၏ အခန်းကဏ္ဍ၊ အမျိုးသမီးများ၏အခွင့်အရေး၊ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေး၊ ယဉ်ကျေးမှုဓလေ့ထုံးတမ်းများ၊ မြန်မာအမျိုးသမီးများ၏ ဂုဏ်ရည်မြှင့်မားတိုးတက်ရေးနှင့် ကျားမတန်းတူညီမျှရေး အစရှိသည့်အကြောင်းအရာများကို အပြန်အလှန်ဆွေးနွေးခဲ့ကြပြီး အမျိုးသမီးရေးရာအဖွဲ့နှင့် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းတို့မှ တစ်ဦးစီ မိမိတို့လုပ်ငန်းဆောင်ရွက်ချက်များကိုလည်း ပြောကြားဆွေးနွေးပေးခဲ့ကြကြောင်း သိရသည်။
ဆက်လက်၍ ရုံးရှိ သုတ၊ ရသစာအုပ်များကိုပြသထားပြီး စာကြည့်တိုက်လုပ်ငန်းပိုမိုတွင်ကျယ်လာစေရေး ဆောင်ရွက်လျက်ရှိသည့်လုပ်ငန်းစဉ်များကိုလည်း စာကြည့်တိုက်တာဝန်ခံက ပြောကြားပေးခဲ့ရာ အမျိုးသမီးရေးရာအဖွဲ့နှင့် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းတို့မှ စိတ်ပါဝင်စားစွာဖတ်ရှုလေ့လာခဲ့ကြောင်း သိရသည်။
မိုးနဲမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် အသိပညာပေးဟောပြောပွဲများ ကွင်းဆင်းဆောင်ရွက်ခြင်း၊ စာအုပ်ပြပွဲများဆောင်ရွက်ခြင်း၊ ရုံးတွင်းဆွေးနွေးပွဲများပြုလုပ်ခြင်း၊ နံရံကပ်စာစောင်များပြသခြင်း၊ လူငယ်စကားဝိုင်းများပြုလုပ်ခြင်းသာမက အွန်လိုင်းအသိပညာပေးလုပ်ငန်းများကိုပါ စဉ်ဆက်မပြတ်အများပြည်သူများသိရှိစေရန် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ဇင်ကိုကို(ပြန်/ဆက်)