နမ့်စန်(တ) ဇူလိုင် ၂
ဇူလိုင်လ ၃ ရက်နေ့တွင် ကျရောက်မည့် မြန်မာအမျိုးသမီးများနေ့အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲကို ရှမ်းပြည်နယ်တောင်ပိုင်း နမ့်စန်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ပြည်သူ့စာကြည့်တိုက်ရှိ လူထုအခြေပြုဗဟိုဌာန(Community Centre)တွင် ယနေ့နံနက် ၁၀နာရီက ဆောင်ရွက်ခဲ့ရာ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ အခြေခံပညာအထက်တန်းကျောင်း(နမ့်စန်)မှ ဆရာမများနှင့် ကျောင်းသူများတက်ရောက်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့အတွင်းရေးမှူး ဒေါ်မိုးမိုးခိုင်က မြန်မာအမျိုးသမီးများနေ့နှင့် မြန်မာအမျိုးသမီးများနေ့ဖြစ်ပေါ်လာပုံကို ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ဥမ္မာအောင်က မြန်မာအမျိုးသမီးများနှင့်ယဉ်ကျေးမှု၊ ရိုးရာဓလေ့ထုံးတမ်းစဉ်လာ ခေါင်းစဉ်ဖြင့်လည်းကောင်း၊ မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ မြို့နယ်အားကစားမှူး ဦးအောင်ကိုကိုက ထူးချွန်ထက်မြက်သော မြန်မာအမျိုးသမီးများ ခေါင်းစဉ်ဖြင့်လည်းကောင်း အသီးသီးဆွေးနွေး ဟောပြောခဲ့ကြသည်။
ဆက်လက်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဝန်ထမ်းများက ဟောပြောပွဲတက်ရောက်လာကြသော ဆရာ/ဆရာမများနှင့်ကျောင်းသူများကို အသိပညာပေးနံရံကပ်စာစောင်များ ပြသပေးခဲ့ကြောင်း သိရသည်။
ငြိမ်းချမ်းအောင်(နမ့်စန်)