မောက်မယ်မြို့နယ်၌ မြန်မာအမျိုးသမီးများနေ့အထိမ်းအမှတ် စာဖတ်/မှတ် စွမ်းရည်ပြိုင်ပွဲ ကျင်းပ

မောက်မယ် ဇူလိုင် ၂

ကျောင်းသားကျောင်းသူများ၊ ဒေသခံတိုင်းရင်းသားလူငယ်လူရွယ်များ ဉာဏ်ရည်ဉာဏ်သွေး ပိုမိုတိုးတက်မြင့်မားလာစေရန်၊ မှတ်သားလေ့လာမှုများ အားကောင်းလာစေရန်၊ စိတ်ကူးစိတ်သန်းများ ထက်မြက်စေရန်နှင့် အများနှင့်ဝိုင်းဖွဲ့ဆွေးနွေး ပြောဆိုတတ်စေရန် ရည်ရွယ်၍ မြို့နယ်အမျိုးသမီးကော်မတီဥက္ကဋ္ဌ၏ ပံ့ပိုးမှုဖြင့် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ မြန်မာအမျိုးသမီးများနေ့အထိမ်းအမှတ် စာဖတ်/မှတ်စွမ်းရည်ပြိုင်ပွဲကို ယနေ့နံနက် ၉ နာရီက ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်နန်းမိုခမ်းက ကျောင်းသူ လူငယ်လူရွယ်လေးများ ကျောင်းစာများအပြင် ပြင်ပဗဟုသုတများရရှိစေရေး၊ မြန်မာအမျိုးသမီးများနေ့ ဖြစ်ပေါ်လာပုံသမိုင်းကြောင်းကို ပြောကြားကာ အမှတ်ပေး စည်းမျဉ်းစည်းကမ်းချက်များနှင့်အညီ စာဖတ်/မှတ် စွမ်းရည်ပြိုင်ပွဲကို ကျင်းပပေးခဲ့ပြီး မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်း(၁၂)ကျောင်းမှ ကျောင်းသူလေးများ (၂၂)ဦး ဝင်ရောက်ယှဉ်ပြိုင်ကြရာ ပြိုင်ပွဲတွင်အကောင်းဆုံး ယှဉ်ပြိုင်နိုင်သူ ထူးချွန်ကျောင်းသူများအား မြို့နယ်အမျိုးသမီးကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းသက်နိုင်နှင့် တာဝန်ရှိသူများတို့က ဆုများပေးအပ်ချီးမြှင့်ခဲ့ပြီး (Community Centre)ခန်းမ၌ ခင်းကျင်းပြသထားသည့် မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေး၊ ပလပ်စတစ်အသုံးပြုမှုလျှော့ချရေးနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး အသိပညာပေး နံရံကပ်စာစောင်များနှင့် ဓာတ်ပုံများအား ကျောင်းသူလေးများက စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြပြီး အဆိုပါပြိုင်ပွဲသို့ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့နှင့် မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေး အသင်းဝင်များတို့ ပူးပေါင်းပါဝင် တက်ရောက်ခဲ့ကြောင်း သိရသည်။

စိုင်းမျိုးသန့်(မောက်မယ်)