မိုင်းယောင်း ဇူလိုင် ၂
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ်တွင် ပြည်သူ့စစ်မှုထမ်းများနှင့်ပတ်သက်၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့က အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဗလမင်းထင်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ခေတ္တမြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းသန့်ဇင်မျိုးက နိုင်ငံတော်ကာကွယ်ရေးသည် နိုင်ငံသားတိုင်း မပျက်မကွက် ထမ်းဆောင်ကြရမည့် မွေးရာပါတာဝန်ဖြစ်သည်နှင့်အညီ ပြည်သူ့စစ်မှုထမ်းဥပဒေ စတင်အာဏာတည်ချိန်မှစကာ လက်ရှိအချိန်အထိ နိုင်ငံ့သားကောင်း ပြည်သူ့စစ်မှုထမ်းသင်တန်းများကို အောင်အောင်မြင်မြင်ဖွင့်လှစ်နိုင်ခဲ့ပြီး သင်တန်းအပတ်စဉ်အသီးသီးတို့မှ ပြည်သူ့စစ်မှုထမ်းများသည်လည်း ၎င်းတို့တာဝန်ကျရာ တပ်ရင်းတပ်ဖွဲ့များတွင် မိမိတို့အား ပေးအပ်သည့်တာဝန်များကို ကျေပွန်စွာ ထမ်းဆောင်နေကြပြီဖြစ်ကြောင်း အမှာစကားပြောကြားခဲ့သည်။
ထို့နောက် တက်ရောက်လာသည့် ရပ်ကွက်/ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများ၊ ရပ်ကွက်/ကျေးရွာအုပ်စု စာရေးများက လုပ်ငန်းဆောင်ရွက်ရာတွင် တွေ့ကြုံရသည့် အခက်အခဲများ၊ အားသာချက်၊ အားနည်းချက်များကို သက်ဆိုင်ရာအလိုက် အသီးသီး ဆွေးနွေးပြောကြားခဲ့ကြသည်။
ယင်းနောက် ခေတ္တမြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းသန့်ဇင်မျိုးက ဆွေးနွေးချက်၊ တင်ပြချက်များနှင့်ပတ်သက်၍ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးပြီး ပြည်သူနှင့် တိုက်ရိုက်ထိတွေ့ဆက်ဆံနေရသည့် အုပ်ချုပ်ရေးအဖွဲ့အစည်းများသည် နိုင်ငံတော်ကိုကိုယ်စားပြု ဆောင်ရွက်နေရခြင်းဖြစ်သည်ကို သတိချပ်၍ လူမှုဆက်ဆံမှုကောင်းမွန်ရေး၊ ဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း နိဂုံးချုပ်စကားပြောကြားကာ အစည်းအဝေးကို ရုတ်သိမ်းခဲ့ကြောင်း သိရသည်။
(၅၀၅)