ပေါင် ဇူလိုင် ၁
မွန်ပြည်နယ်၊ ပေါင်မြို့နယ်၌ (၁၀၃)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာသမဝါယမနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် အသင်းသားများ၏ သားသမီးများအား ပညာသင်စရိတ်ပေးအပ်ခြင်းကို အသင်းများသို့သွားရောက်၍ ပေးအပ်ခဲ့ရာ သမဝါယမဦးစီးဌာန ဦးစီးအရာရှိ ဒေါ်သင်းသင်းယုနှင့်ဝန်ထမ်းများ၊ အသင်းစုဥက္ကဋ္ဌ ဦးအေးမင်းနှင့်အဖွဲ့ဝင်များက သက်ဆိုင်ရာအခြေခံသမဝါယမအသင်းများသို့ သွားရောက်၍ ဇွန်လ (၂၅) ရက်နေ့မှ (၃၀)ရက်နေ့အထိ ပေးအပ်ခဲ့သည်။
ပေါင်မြို့နယ်အတွင်းရှိ အခြေခံသမဝါယမအသင်းများဖြစ်သည့် မြစိမ်းရောင်လယ်ယာနှင့် အထွေထွေသမဝါယမအသင်းလိမိတက်မှ အသင်းသားများ၏ ကျောင်းနေသားသမီးများ (KG မှ တက္ကသိုလ်အထိ)အား စာရေးကိရိယာများ ပေးအပ်ခြင်း၊ ရွှေမြင့်မိုရ်လယ်ယာထွက်ပစ္စည်း ရောင်းဝယ်ရေး သမဝါယမအသင်းလီမိတက်၊ ရွှေကိန္ဒရီစတိုး သမဝါယမအသင်းလီမိတက်နှင့် ရွှေအထွေထွေစီးပွားရေး သမဝါယမအသင်းလီမိတက်တို့မှ အသင်းသားများအား စားသုံးဆီတစ်လီတာပေးအပ်ခြင်း၊ ပဒုမ္မာ(ရာဘာ)စိုက်ပျိုးရေးနှင့် အထွေထွေစီးပွားရေးသမဝါယမအသင်းတို့မှ အသင်းသားများနှင့် ထွန်းထောက်ကြယ် (ဥယျာဥ်ခြံ)စိုက်ပျိုးရေးနှင့် အထွေထွေစီးပွားရေးသမဝါယမအသင်းလီမိတက်တို့မှ အသင်းသားများအား အစုပေါ်အမြတ်နှင့် စာသုံးဆီတစ်လီတာပေးအပ်ခဲ့ကြောင်း သိရသည်။
မွန်မလေး (ပြန်/ဆက်)