၂၀၂၅ ခုနှစ်၊ မြန်မာအမျိုးသမီးများနေ့အထိမ်းအမှတ် တက္ကသိုလ်ပေါင်းစုံ လှယဉ်ကျေးမယ်ပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲ ကျင်းပ

တောင်ကြီး ဇူလိုင် ၂

၂၀၂၅ ခုနှစ်၊ မြန်မာအမျိုးသမီးများနေ့အထိမ်းအမှတ် တက္ကသိုလ်ပေါင်းစုံ လှယဉ်ကျေးမယ်ပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲကို ယမန်နေ့နံနက် ၉ နာရီအချိန်တွင် ရှမ်းပြည်နယ်၊ တောင်ကြီးမြို့၊ မြို့တော်ခန်းမ၌ ကျင်းပခဲ့သည်။

ရှေးဦးစွာ ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင်၊ ပြည်နယ်သယံဇာတရေးရာဝန်ကြီး ဦးစိုင်းလိတ်က အဖွင့်အမှာစကားပြောကြားရာတွင် လှယဉ်ကျေးမယ်ပြိုင်ပွဲများ ကျင်းပပြုလုပ်ရခြင်းသည် မြန်မာ့ယဉ်ကျေးမှုကို ထိန်းသိမ်းသော အမျိုးသမီးများဖြစ်လာစေရန်၊ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်လာစေရန်၊ ပြည်နယ်နှင့်နိုင်ငံ့ဂုဏ်ဆောင်အလှမယ်များ ပေါ်ထွက်လာစေရန်၊ ကာယလေ့ကျင့်ခန်းများကို လေ့ကျင့်ရာမှအားကစားကို ချစ်မြတ်နိုးသောစိတ်များပေါ်ပေါက်လာစေရန်၊ ကာယလေ့ကျင့်ခန်းများကို လေ့ကျင့်ခြင်းဖြင့် ရှိရင်းစွဲပင်ကိုကာယအလှကို ပိုမိုလှပလာစေရန်၊ အနာဂတ်တွင် ကျန်းမာကြံ့ခိုင်သော မြန်မာနိုင်ငံ၏အမျိုးသမီးကောင်းရတနာများဖြစ်လာစေရန် ရည်ရွယ်ခြင်းဖြစ်ပါကြောင်း ပြောကြားသည်။

ထို့နောက် ပထမအဆင့်ပြိုင်ပွဲကိုကျင်းပရာ ရှမ်းပြည်နယ်၊ တောင်ကြီးမြို့ရှိ တက္ကသိုလ်များမှ  ပြိုင်ပွဲဝင်လှယဉ်ကျေးမယ် (၂၇) ဦးတို့က သတ်မှတ်ကိုယ်ဟန်များ၊ စိတ်ကြိုက်ကိုယ်ဟန်များဖြင့် ယှဉ်ပြိုင်ကြသည်။ ပထမအဆင့်ပြိုင်ပွဲအပြီးတွင် အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၊ ကျောင်းသူကလေးများက "သင်္ကြန်ရောက်ပြီကိုကို"သီချင်းဖြင့်လည်းကောင်း၊ တောင်ကြီးပညာရေးဒီဂရီကောလိပ်မှ ကျောင်းသူ၊ ကျောင်းသားများက “အလှကမ္ဘာမြေ”သီချင်းဖြင့်လည်းကောင်း ကပြဖျော်ဖြေခဲ့ကြပြီး တောင်ကြီးတက္ကသိုလ်မှ ကျောင်းသူ မစုယဉ်ယဉ်ဝင်းက "နောင်အင်းလေး"သီချင်းဖြင့် သီဆိုဖျော်ဖြေခဲ့ကြသည်။

ယင်းနောက် ပထမအဆင့်ပြိုင်ပွဲမှ ဆန်ခါတင် ရွေးချယ်ခံရသည့် ပြိုင်ပွဲဝင် အလှမယ် (၁၄) ဦး တို့က  သတ်မှတ်ကိုယ်ဟန်များ၊ စိတ်ကြိုက်ကိုယ်ဟန်များဖြင့် ဆက်လက်ယှဉ်ပြိုင်ကြခဲ့ကြပြီး တောင်ကြီးတက္ကသိုလ် ကျောင်းသူများက "က္ကုတ္ထိယပန်းခင်း"သီ‌ချင်းဖြင့် ကပြဖျော်ဖြေပြီး ကျောင်းသူ  မစုယဉ်ယဉ်ဝင်းက "ရွှေမိုးကလေးကညိုတယ် " သီချင်းဖြင့် သီဆိုဖျော်ဖြေခဲ့သည်။

ထို့နောက် ဆုချီးမြှင့်ပွဲကိုကျင်းပရာ ပြိုင်ပွဲတွင် အကဲဖြတ်အမှတ်ပေးဒိုင်အဖွဲ့ဝင်များအတွက် ဂုဏ်ပြုလက်ဆောင်များကို ပြည်နယ်အမျိုးသမီးကော်မတီ၊ အတွင်းရေးမှူးကလည်းကောင်း၊ ပြိုင်ပွဲဝင်ဆုများကို တက္ကသိုလ်များမှ ပါမောက္ခချုပ်များ၊ ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့၊ ဥက္ကဋ္ဌနှင့်တာဝန်ရှိသူများလည်းကောင်း၊ ဖျော်ဖြေရေးအဖွဲ့များအတွက် ဂုဏ်ပြုလက်ဆောင်များကို ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး​၏ဇနီးကလည်းကောင်း၊ နှစ်သိမ့်ဆု (၂) ရရှိသည့် နည်းပညာတက္ကသိုလ်မှ ပြိုင်ပွဲဝင်အမှတ်စဉ် (၂၇) မနန်းကလျာဦးအား ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်​၏ဇနီးကလည်းကောင်း၊ နှစ်သိမ့်ဆု (၁)ရရှိသည့် ဆေးတက္ကသိုလ်(တောင်ကြီး)မှ ပြိုင်ပွဲဝင်အမှတ်စဉ် (၂၃) မခင်ရတနာကြည်အား ပြည်နယ်ဥပဒေချုပ်ကလည်းကောင်း ဂုဏ်ပြုလက်ဆောင်နှင့် ငွေသားဆုများ ပေးအပ်ခဲ့ကြသည်။

ဆက်လက်၍ ပြည်နယ်သယံဇာတရေးရာဝန်ကြီးက တတိယဆုရရှိသည် တောင်ကြီးပညာရေးဒီဂရီကောလိပ်မှ ပြိုင်ပွဲဝင်အမှတ် (၁၁) မထူးထူးဇော်အား စလွယ်၊ ရုပ်တုနှင့် ငွေသားဆုတို့ကိုလည်းကောင်း၊ ပြည်နယ်စီးပွားရေးရာဝန်ကြီးက ဒုတိယဆုရရှိသည့် နည်းပညာ တက္ကသိုလ်မှ ပြိုင်ပွဲဝင်အမှတ် (၄) မထက်ထက်ထွန်းအား စလွယ်၊ ရုပ်တုနှင့် ငွေသားဆုတို့ကိုလည်းကောင်း၊ ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့၊  နာယကပြည်နယ်ဝန်ကြီးချုပ်၏ဇနီး ဒေါ်ညိုမီစောက ပထမဆုရ ဆေးတက္ကသိုလ်(တောင်ကြီး)မှ ပြိုင်ပွဲဝင်အမှတ် (၁၇) မသီရိမေသူအား သရဖူ၊ နှင်တံ၊ စလွယ်၊ ရုပ်တုနှင့် ငွေသားဆုတို့အား ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။

အဆိုပါပြိုင်ပွဲကို ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့၊ နာယကပြည်နယ်ဝန်ကြီးချုပ်​၏ဇနီးနှင့် အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ တက္ကသိုလ်၊ ဒီဂရီကောလိပ်များမှ ကျောင်းသူ၊ ကျောင်သားများ၊ သူနာပြု၊ သားဖွားသင်တန်းကျောင်းမှ သင်တန်းသား၊ သင်တန်းသူများ၊ အခြေခံပညာကျောင်းများမှ ကျောင်းသူ၊ ကျောင်းသားများ တက်ရေက်ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရှိရသည်။

ကျော်ဇင်(ပြည်နယ်၊ ပြန်/ဆက်)