မင်္ဂလာဒုံ ဇူလိုင် ၁
ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်၌ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ COVID Vaccine Pfizer JN 1 ကိုဗစ်ကာကွယ်ဆေးထိုးနှံပေးခြင်းကို မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာဒေါ်ဝင်းဝင်းမာက ဦးဆောင်၍ ကျန်းမာရေးဝန်ထမ်းများ လိုက်ပါလျက် ယနေ့နံနက်ပိုင်းက စက်ရုံ၊ အလုပ်ရုံများ၌ အလုပ်ရှင်နှင့် အလုပ်သမားများအား ဆက်လက်ထိုးနှံပေးလျက်ရှိသည်။
ထိုသို့ ထိုးနှံဆောင်ရွက်ပေးရာတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးဝန်ထမ်းများက အုပ်စု(၃)စုခွဲ၍ ပေါက်ကုန်းရပ်ကွက်ရှိ ဆွေးမျိုးချစ်ရုံတွင်လည်းကောင်း၊ ပတ္တမြားရပ်ကွက် main အပိုင်ရှိ PRO(1) Global တွင်လည်းကောင်း၊ ပျဉ်းမပင်ရပ်ကွက် S/C အပိုင်ရှိ နို့ချက်စက်ရုံတွင်လည်းကောင်း ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံပြီး ၆ လပြည့်ပြီးသူများအား COVID Vaccine Pfizer JN 1 ထိုးနှံပေးခြင်းနှင့် ကျန်းမာရေးအသိပညာပေးခြင်းတို့ကို ဆောင်ရွက်ခဲ့ကြသည်။
ယခုထိုးနှံပေးမည့် ကိုဗစ်-၁၉ ကာကွယ်ဆေးမှာ COMIRNATY JN.1 30micrograms/ dose (grey cap) အမျိုးအစားဖြစ်ပြီး အသက်(၁၂)နှစ်နှင့်အထက် ပြည်သူလူထုကို ထိုးနှံနိုင်မည်ဖြစ်သည်။ ၎င်းကာကွယ်ဆေးကို ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး (၁)ကြိမ်မျှ မထိုးနှံရသေးသော အသက်(၁၈)နှစ်အထက်ရှိသူများအားလည်းကောင်း၊ Revaccination အနေဖြင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး နောက်ဆုံးအကြိမ် ထိုးနှံပြီးစီးမှုကာလ (၆)လပြည့်ပြီးသော ကျန်းမာရေးဝန်ထမ်းများနှင့် နိုင်ငံ့ဝန်ထမ်းများအားလည်းကောင်း၊ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး နောက်ဆုံးအကြိမ် ထိုးနှံပြီးစီးမှုကာလ (၆)လပြည့်ပြီးသော အသက်(၇၅)နှစ်အထက်ရှိသူများနှင့် အသက်(၅၀)နှစ်အထက် နာတာရှည်ရောဂါရှိသူများအားလည်းကောင်း၊ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး နောက်ဆုံးအကြိမ် ထိုးနှံပြီးစီးမှုကာလ (၁)နှစ်ပြည့်ပြီးသော အသက်(၅၀)နှစ်အထက်ရှိသူများ၊ အသက်(၁၈)နှစ်အထက် နာတာရှည်ရောဂါရှိသူများ၊ အသက်(၁၂)နှစ်အထက် ကိုယ်ခံအားနည်းရောဂါ ရှိသူများအားလည်းကောင်း၊ ကိုယ်ဝန်ဆောင်မိခင်များအား ကိုယ်ဝန်ဆောင်ကာလအတွင်း (2nd trimester) မှစတင်၍လည်းကောင်း ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (၁)ကြိမ်ထိုးနှံခြင်းတို့ကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
မင်းသိန်းထွန်း