၂၀၂၅ ခုနှစ် တိုင်းဒေသကြီးနှင့် ပြည်နယ် တိုက်ကွမ်ဒိုပြိုင်ပွဲ ဆုချီးမြှင့်ပွဲအခမ်းအနား ကျင်းပ

အင်းစိန် ဇူလိုင် ၁

၂၀၂၅ ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် တိုက်ကွမ်ဒိုပြိုင်ပွဲ ဆုချီးမြှင့်ပွဲ အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက အမျိုးသားအားကစားပြိုင်ပွဲရုံ(၁)၊ သုဝဏ္ဏတွင် ကျင်းပသည်။

ဦးစွာ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးစိုးသိန်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများက ဗိုလ်လုပွဲ ပွဲစဉ်များအဖြစ် အမျိုးသား (၅၄-၅၈) ကီလိုတန်းပြိုင်ပွဲတွင် ရန်ကုန်တိုင်းဒေသကြီးမှ မောင်စွမ်းနောင်နှင့် ရခိုင်ပြည်နယ်မှ မောင်ခန့်ထူးလျှံမိုးနေတို့၏ ယှဉ်ပြိုင်နေမှုအားလည်းကောင်း၊ အမျိုးသမီး (၄၃-၄၆ကီလိုတန်းပြိုင်ပွဲတွင် မန္တလေးတိုင်းဒေသကြီးမှ မအိဖြူခိုင်နှင့် ကချင်ပြည်နယ်မှ မအေးမြတ်သူတို့၏ ယှဉ်ပြိုင်နေမှုအားလည်းကောင်း၊ အမျိုးသား (၇၄-၈၀ကီလိုတန်းပြိုင်ပွဲတွင် စစ်ကိုင်းတိုင်းဒေသကြီးမှ မောင်အောင်ဖြိုးကျော်နှင့် ရန်ကုန်တိုင်းဒေသကြီးမှ မောင်အောင်ကိုကိုပြည့်တို့၏ ယှဉ်ပြိုင်နေမှုအားလည်းကောင်း ကြည့်ရှုအားပေးပြီး ပြင်ဦးလွင် Tiger Club မှ မောင်ကျော်သူရက တိုက်ကွမ်ဒိုကကွက်များအား သရုပ်ပြသသည်။

ထို့နောက် ဆုချီးမြှင့်ပွဲအခမ်းအနားအား ကျင်းပရာ အမျိုးသား(၆၈-၇၄)ကီလိုတန်းပြိုင်ပွဲ၊ အမျိုးသမီး(၅၇-၆၂) ကီလိုတန်းပြိုင်ပွဲနှင့် အမျိုးသား(+၈၇)ကီလိုတန်းအထက်ပြိုင်ပွဲ၊ အမျိုးသမီး (၆၂-၆၇) ကီလိုတန်းပြိုင်ပွဲ၊ အမျိုးသား (၈၀-၈၇) ကီလိုတန်းပြိုင်ပွဲ၊ အမျိုးသမီး(+၇၃)ကီလိုတန်းအထက်ပြိုင်ပွဲ၊ အမျိုးသမီး(၄၉-၅၃) ကီလိုတန်းပြိုင်ပွဲ၊ အမျိုးသား (၅၄-၅၈)ကီလိုတန်းပြိုင်ပွဲ၊ အမျိုးသမီး (၄၃-၄၆)ကီလိုတန်းပြိုင်ပွဲနှင့် အမျိုးသား(၇၄-၈၀) ကီလိုတန်းပြိုင်ပွဲတို့တွင် ပထမ၊ ဒုတိယ၊တတိယဆုများရရှိခဲ့ကြသည့် တိုင်းဒေသကြီးနှင့်ပြည်နယ်တို့မှ အားကစားသမားများအား တာဝန်ရှိသူများနှင့် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များက တစ်ဦးချင်းဆုတံဆိပ်နှင့် ဂုဏ်ပြုချီးမြှင့်ငွေများအား ပေးအပ်ခဲ့သည်။

ယင်းနောက် အမျိုးသမီးအကောင်ဆုံး အားကစားသမားဆုရရှိခဲ့သည့် ရန်ကုန်တိုင်းဒေသကြီးမှ မမေမြတ်နိုးဦး၊ အမျိုးသားအကောင်းဆုံး အားကစားသမားဆုရရှိခဲ့သည့် မန္တလေးတိုင်းဒေသကြီးမှ မောင်စောရန်ထူးနှင့် အမျိုးသမီးတံခွန်စိုက်ဆုဖလား ရရှိခဲ့သည့် ရန်ကုန်တိုင်းဒေသကြီးမှ အားကစားသမားများအား မြန်မာနိုင်ငံအိုလံပစ်ကော်မတီ ဒုတိယဥက္ကဋ္ဌ၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးထိန်လင်းက ဂုဏ်ပြုချီးမြှင့်ငွေများနှင့် တံခွန်စိုက်ဆုဖလားတို့အားလည်းကောင်း၊ အမျိုးသားတံခွန်စိုက်ဆုဖလားရရှိခဲ့သည့် ရန်ကုန်တိုင်းဒေသကြီးမှ အားကစားသမားများနှင့် စုပေါင်းတံခွန်စိုက်ဆုဖလားရရှိခဲ့သည့် ရန်ကုန်တိုင်းဒေသကြီးမှ အားကစားသမားများအား ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးစိုးသိန်းက ဂုဏ်ပြုချီးမြှင့်ငွေများ၊ တံခွန်စိုက်ဆုဖလားနှင့် စုပေါင်းတံခွန်စိုက်ဆုဖလားတို့အားလည်းကောင်း အသီးသီးပေးအပ်ခဲ့ကြပြီး စုပေါင်းမှတ်တမ်းဓာတ်ပုံ ရိုက်ကူးခဲ့ကြကြောင်း သိရသည်။

ဇွဲထက်ကို (ပြန်/ဆက်)