တာချီလိတ် ဇူလိုင် ၁
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနမှ ကြီးမှူးဖွင့်လှစ်သည့် ကျား၊ မ အခြေပြုအကြမ်းဖက်မှုဆိုင်ရာ အသိပညာပေးဟောပြောနှင့် အမျိုးသမီးများနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကလေးငယ်များအား အာဟာရတိုက်ကျွေး အခမ်းအနားကို ယနေ့နံနက်ပိုင်းက ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့၊ ဝိန်းကျောက်ရပ်ကွက်ရှိ မူလတန်းကြိုကျောင်းခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ခရိုင်အမျိုးသမီးရေးရာအဖွဲ့ ဥက္ကဋ္ဌ ဒေါ်လှလှဌေး အမှာစကားပြောကြားပြီး လူမှုဝန်ထမ်းဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဒေါ်ရီရီခိုင်က ကျား၊ မ အခြေပြုအကြမ်းဖက်မှု အမျိုးအစားများ၊ ရုပ်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု၊ စိတ်ပိုင်းဆိုင်ရာအကြမ်းဖက်မှု၊ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု၊ စီးပွားရေးဆိုင်ရာအကြမ်းဖက်မှုနှင့် ဆက်သွယ်ရေးနည်းပညာကိုအသုံးပြု၍ အကြမ်းဖက်မှု အကြောင်းအရာများကို လည်းကောင်း၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း ဥက္ကဋ္ဌ ဒေါ်စန္ဒာထွန်းက မြန်မာအမျိုးသမီးများ၏ဂုဏ်ရည် စွမ်းဆောင်ရည်၊ တန်းတူ အခွင့်အရေးများ စသည့်အကြောင်းအရာများဖြင့် အသိပညာပေး ရှင်းလင်းပြောကြားသည်။
ထို့နောက် ခရိုင်အမျိုးသမီးရေးရာအဖွဲ့ ဥက္ကဋ္ဌ ဒေါ်လှလှဌေးနှင့် တာဝန်ရှိသူများက အလှူငွေနှင့် လက်ဆောင်ပစ္စည်းများပေးအပ်ရာ လူမှုဝန်ထမ်းဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်ရီရီခိုင်က လက်ခံရယူသည်။
ယင်းနောက် ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၃ ရက်နေ့တွင် ကျရောက်မည့် မြန်မာအမျိုးသမီးများနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ခရိုင်/မြို့နယ် အမျိုးသမီးရေးရာအဖွဲ့များက လူမှုဝန်ထမ်းဦးစီးဌာန၊ တာချီလိတ်မူလတန်းကြိုကျောင်းမှ ကျောင်းသား၊ ကျောင်းသူလေးများအား အစာအာဟာရအဖြစ် ထမင်း၊ မုန့်နှင့် နွားနို့များ တိုက်ကျွေးခဲ့ကြောင်း သိရသည်။
ကျော်ဇေယျာလင်း (ပြန်/ဆက်)