ကော့မှူးမြို့နယ် မကျီးကန်ကျေးရွာ၌ တိုက်ရိုက်မျိုးစေ့ချကိရိယာ Seeder ဖြင့် မိုးစပါး လက်တွေ့စိုက်ပျိုး

ကော့မှူး ဇူလိုင် ၁

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကော့မှူးမြို့နယ်တွင် တိုက်ရိုက်မျိုးစေ့ချကိရိယာ (Seeder) ဖြင့် မိုးစပါးလက်‌တွေ့စိုက်ပျိုးပြသခြင်းကို ယမန်နေ့နံနက်က မကျီးကန်ကျေးရွာရှိ တောင်သူ ဦးချစ်ဦးပိုင် လယ်မြေ(၅)ဧက၌ ကျင်းပပြုလုပ်ခဲ့ ကြောင်းသိရသည်။

အခမ်းအနားတွင် တွံတေးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညွှန့်နွယ်နှင့် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးဦးသက်နိုင်တို့က(Seeder) စပါးမျိုးစေ့ချကိရိယာဖြင့် တိုက်ရိုက်အစေ့ခစိုက်ပျိုးခြင်းဖြင့် ရရှိနိုင်မည့်အကျိုးကျေးဇူးများဖြစ်သည့် တစ်ဧက မျိုးစေ့နှုန်းသက်သာခြင်း၊ လုပ်အားကုန်ကျစရိတ်သက်သာခြင်း၊ လုပ်ငန်းချိန်မြန်ဆန်ခြင်း၊ ပြောင်းလဲလာသည့်ရာသီဥတုနှင့်အညီ အချိန်နှင့်တပြေးညီစိုက်ပျိုးနိုင်ခြင်း၊ ရိတ်သိမ်းရန်လွယ်ကူခြင်း၊ ဝင်ငွေတိုးတက်စေခြင်း စသည်တို့ကို ရှင်းလင်းဆွေးနွေးပြောကြားခဲ့သည်။

ဆက်လက်၍ တွံတေးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးမင်းနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စိုက်ပျိုးကြီးကြပ်မှု အဖွဲ့ဝင်များနှင့် တက်ရောက်လာသူများမှ Seeder ဖြင့် သရုပ်ပြစိုက်ပျိုးခြင်းများအား လှည့်လည်ကြည့်ရှုခဲ့ကြပြီး Seeder ဖြင့် သရုပ်​ပြမိုးစပါးစိုက်ပျိုးပွဲအခမ်း အနားသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စိုက်ပျိုး ကြီးကြပ်မှုအဖွဲ့ဝင်များ၊ ရပ်ကွက်/ကျေးရွာအုပ်စု ၆၂ အုပ်စုမှ အုပ်ချုပ်ရေးမှူးများနှင့် လေ့လာသူတောင်သူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ကျော်သူရ (ကော့မှူး)