စဉ့်ကိုင်မြို့နယ်၌ မြန်မာအမျိုးသမီးများ‌နေ့အထိမ်းအမှတ် မိုးရာသီ စုပေါင်းသစ်ပင်စိုက်ပျိုးပွဲအခမ်းအနားကျင်းပ

စဉ့်ကိုင် ဇူလိုင် ၁

၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၃ရက်နေ့တွင် ကျရောက်မည့် မြန်မာအမျိုးသမီးများနေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့်   မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်၊ မြို့နယ် အမျိုးသမီးရေးရာအဖွဲ့နှင့် မြို့နယ်သစ်တောဦးစီးဌာနတို့ပူးပေါင်း၍  သစ်ပင်များစိုက်ပျိုးခြင်းဖြင့် သဘာဝပတ်ဝန်းကျင်စိမ်းလန်းစိုပြည်လာစေရန်၊ ဒေသတွင်းအပူချိန်လျော့ကျလာစေရန်၊ ဂေဟစနစ်တည်ငြိမ်လာစေရန်၊ ပြည်သူများသစ်ပင်စိုက်ပျိုးလိုစိတ်များဖြစ်ပေါ်လာစေပြီး သစ်တောသစ်ပင် များအား ချစ်ခင်တန်ဖိုးထားတက်လာစေရန်နှင့် သစ်တောသစ်ပင်စိုက်ပျိုးခြင်းဖြင့် ဒေသခံပြည်သူများ အကျိုးကျေးဇူးများ ရရှိခံစားနိုင်စေရန်ရည်ရွယ်၍  အ.လ.က (ထန်းသုံးပင်)‌၌  မြန်မာအမျိုးသမီးများနေ့အထိမ်းအမှတ် မိုးရာသီစုပေါင်း သစ်ပင်စိုက်ပျိုးပွဲ အခမ်းအနားကို ယမန်နေ့နံနက် ၇ နာရီကကျင်းပခဲ့သည်။

သစ်ပင်စိုက်ပျိုးပွဲတွင် ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဗိုလ်အောင် မောင်မောင်နှင့်အဖွဲ့၀င်တို့က မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ အသင်းအဖွဲ့များနှင့် ပြည်သူများအား ပျိုးပင်များပေးအပ်ခဲ့ပြီး တက်ရောက်လာသော ဌာနဆိုင်ရာများ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းအဖွဲ့ဝင်များက သက်တမ်း(၂)နှစ်၊ အမြင့်(၂)ပေ ရှိသော ကျွန်းပင်(၁၅၀) ပင်တို့အား စုပေါင်းစိုက်ပျိုးခဲ့သည်။ ယင်းနောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက စိုက်ပျိုးနေမှုများအား လှည့်လည်ကြည့်ရှုအားပေးခဲ့ကြပြီး စုပေါင်းမှတ်တမ်းတင် ဓါတ်ပုံများရိုက်ကူးခဲ့ကြကြောင်း သိရသည်။

အဆိုပါ သစ်ပင်စိုက်ပျိုးပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဗိုလ်‌အောင်မောင်မောင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများနှင့်၀န်ထမ်းများ၊ မြို့နယ်သစ်တောဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများ၊ မြို့နယ်အမျိုးသမီး‌ရေးရာအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌနှင့် အသင်းဝင်များ၊ စုစုပေါင်းအင်အား (၁၅၀)ဦး  တက်ရောက်စိုက်ပျိုးခဲ့ကြကြောင်း သိရသည်။

ကျော်စွာ (စဉ့်ကိုင်)