ပင်လုံမြို့ အမှတ်(၂) အခြေခံပညာအလယ်တန်းကျောင်းခွဲ၌ သဘာဝဘေးအန္တရာယ် အသိပညာပေးဟောပြောပွဲ ဆောင်ရွက်

ပင်လုံ ဇူလိုင် ၁

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ ပင်လုံမြို့ အမှတ်(၂)၊ အခြေခံပညာအလယ်တန်းကျောင်းခွဲ၌ ​လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ယမန်နေ့နေ့လယ် ၁ နာရီတွင် သဘာဝဘေးအန္တရာယ် အသိပညာပေးဟောပြောပွဲ ဆောင်ရွက်ပေးခဲ့ပါသည်။

ရှေးဦးစွာ လွိုင်လင်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဥမ္မာချိုက လူငယ်နှင့်စာရိတ္တအကြောင်းကို ဟောပြော၍ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်စီမံခန့်ခွဲမှုဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးမြတ်ကိုကိုနောင်က ရာသီအလိုက်ဖြစ်တတ်သည့် ဘေးအန္တရာယ်များအကြောင်း၊ ဘေး(၁၀)မျိုးထဲမှ မိုးရာသီတွင် ဖြစ်တတ်သည့် ​လျှပ်စီးလပ်ခြင်း၊ မိုးကြိုးပစ်ခြင်းနှင့် ပတ်သက်သည့်အကြောင်း၊ လျှပ်စီးလပ်ခြင်းမဖြစ်မီ ကြိုတင်လုပ်ဆောင်ရန်အချက်များ၊ လျှပ်စီးလပ်မှုဖြစ်ပွားစဥ် အိမ်အတွင်း/အပြင်ရှိနေလျှင် လိုက်နာရမည့်အချက်များ၊ လျှပ်စီးလပ်ခြင်းဖြစ်ပွားပြီးနောက် လိုက်နာရန်အချက်များ၊ လျှပ်စီးနှင့်ဆက်စပ်သည့် မီးဘေးအန္တရာယ်အကြောင်း ဟောပြောပေးခဲ့ပါသည်။ လက်ထောက်ညွန်ကြားရေးမှူး ဒေါ်ခင်သန္တာရွှေက ဘေး(၁၀)မျိုး၏ အမျိုးအစားများ၊ သဘာဝဘေးအန္တရာယ်များနှင့်ပတ်သက်၍ ဘေးမဖြစ်ပွားမီ၊ ဖြစ်ပွားဆဲ၊ ဖြစ်ပွားပြီးနောက် ဆောင်ရန်၊ ရှောင်ရန်များ၊ သဘာဝဘေးဆိုင်ရာ အခြေခံဗဟုသုတများ၊ ငလျင်ဘေးနှင့် ပတ်သတ်သည့် ကြိုတင်ပြင်ဆင်ရန်များ၊ ငလျင်လှုပ်နေစဥ် လိုက်နာရန်အချက်များ၊ ရှောင်ရှားသင့်သည်အချက်များ၊ ငလျင်လှုပ်ပြီးနောက် ပြုလုပ်ရန်အချက်များ ရှောင်ရှားသင့်သည့်အချက်များ အသိပညာပေး​ဟောပြောခဲ့ပြီး ငလျင်လှုပ်နေစဥ်အတွင်း ဝပ် ၊ ကာ၊ ကိုင် ဆိုတဲ့ ငလျင်ဘေးဆောင်ပုဒ်အတိုင်း ကျောင်းသား/ကျောင်းသူများနှင့်အတူ လက်တွေ့သရုပ်ပြဇာတ်တိုက်လေ့ကျင့်ခဲ့​ကြပြီး နောက်သဘာဝဘေးအန္တရာယ်အကြောင်း သိကောင်းစရာ အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့သည်။

၎င်းဟောပြောပွဲသို့ ကျောင်းသား/သူ စုစုပေါင်း(၂၀၈)ဦး စိတ်ပါဝင်စားစွာ တက်ရောက်ခဲ့ကြောင်း သိရသည်။

အဆိုပါ အသိပညာပေးဟောပြောပွဲနှင့် လက်ကမ်းစာ​စောင်ဖြန့်ဝေခြင်းကို ယမန်နေ့မနက်ပိုင်းက ပင်လုံအရှေ့ကျေးရွာအုပ်စုကျေးရုံး(ကျေး)အမကကျောင်း၌လည်း ဟောပြောခဲ့ကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)