မိုင်းယောင်းမြို့၌ ရှမ်းပြည်နယ်အစိုးရအဖွဲ့က ထောက်ပံ့သည့် လက်စွဲကောက်စိုက်စက်ဖြင့် မိုးစပါးစိုက်ပျိုးပြသ

မိုင်းယောင်း ဇူလိုင် ၁

မိုးစပါးပန်းတိုင်အထွက်နှုန်းထွက်ရှိရေးအတွက် ရှမ်းပြည်နယ်အစိုးရအဖွဲ့က ထောက်ပံ့သည့် လက်စွဲကောက်စိုက်စက်ဖြင့် မိုးစပါးစိုက်ပျိုးပြသခြင်းကို ယနေ့နံနက်ပိုင်းက ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ် ဝမ်ကောင်းအုပ်စု ဝမ်ဟွန်းကျေးရွာ၌ ကျင်းပသည်။

တစ်ဧကပန်းတိုင်အထွက်နှုန်းများနှင့်အညီထွက်ရှိရေး မိုးစပါးစိုက်ပျိုးပြသပွဲသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းနိုင်နှင့် အဖွဲ့ဝင်များ၊ ခေတ္တမြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းသန့်ဇင်မျိုးနှင့် ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာမှ တာဝန်ရှိသူများ၊ ဒေသခံတောင်သူများ တက်ရောက်သည်။

ဦးစွာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းနိုင်က အမှာစကားပြောကြားပြီး စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးကျော်ကျော်မိုးက မိုးစပါး ပန်းတိုင်အထွက်နှုန်းထွက်ရှိရေးအတွက် ရှမ်းပြည်နယ်အစိုးရအဖွဲ့က ထောက်ပံ့သည့် လက်စွဲကောက်စိုက်စက်ဖြင့် မိုးစပါးစိုက်ပျိုးခြင်းဖြင့် အချိန်နှင့် လူအား၊ ငွေအား ကုန်ကျမှုသက်သာကြောင်းကို ရှင်းလင်းပြောကြားသည်။

ထို့နောက် စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးကျော်ကျော်မိုးနှင့် စိုက်ပျိုးရေးဝန်ထမ်းများက ပျိုးပင်ထည့်နည်း၊ လက်စွဲကောက်စိုက်စက်အသုံးပြုနည်းများကို ရှင်းလင်းပြောကြားပြီး လက်စွဲကောက်စိုက်စက်ဖြင့် မိုးစပါးစိုက်ပျိုးပြသခဲ့သည်။

စိုင်းအောင်ဇော်လင်း