နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ တက်ရောက်

နေပြည်တော် ဇူလိုင် ၁

မြန်မာနိုင်ငံလူငယ်ရေးရာဗဟိုကော်မတီနှင့် နေပြည်တော်ကောင်စီလူငယ်ရေးရာကော်မတီတို့ ပူးပေါင်းကျင်းပသည့် လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းတွင် နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်၊ အမှတ်(၅) အခြေခံပညာအထက်တန်းကျောင်း၊ ပညာရတနာခန်းမ၌ ကျင်းပသည်။

အခမ်းအနားသို့ နေပြည်တော်ကောင်စီလူငယ်ရေးရာကော်မတီဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ မြန်မာနိုင်ငံလူငယ်ရေးရာဗဟိုကော်မတီ အတွင်းရေးမှူး၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇင်မင်းထက်၊  နေပြည်တော်ကောင်စီဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ကြသည်။

ဦးစွာ အမှတ်(၅) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူများက "ဇာတိမာန်"တေးသီချင်းဖြင့် သီဆိုဖျော်ဖြေကြပြီး နေပြည်တော်ကောင်စီဥက္ကဋ္ဌမှ အမှာစကားပြောကြားရာတွင် ကျောင်းသား၊ ကျောင်းသူလူငယ်များ အသိဉာဏ်ပညာဖွံ့ဖြိုးတိုးတက်ပြီး ဗလငါးတန်နှင့်ပြည့်စုံသော ယဉ်ကျေးလိမ္မာပြီး စဉ်းစားတွေးခေါ်၍ အမှားနှင့်အမှန် ဝေဖန်ပိုင်းခြားနိုင်သည့် လူငယ်များဖြစ်စေဖို့ဖြစ်ကြောင်း၊ နောင်အနာဂါတ်တွင် နိုင်ငံတော်ကအားထားရမည့် အသိပညာရှင်၊ အတတ်ပညာရှင် သားကောင်းသမီးရတနာတွေဖြစ်လာစေဖို့ ရည်ရွယ်၍ ကျင်းပရခြင်းဖြစ်ကြောင်း၊ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် လူငယ်များတွင် ရိုးသားဖြောင့်မတ်၊ စေတနာ၊ သဒ္ဒါတရားရှိပြီး တာဝန်ယူမှု၊ တာဝန်ခံမှုစိတ်နှင့် ပညာပြည့်ဝနှလုံးလှသည့် လူကောင်းတစ်ယောက်ဖြစ်အောင် ပြုစုပျိုးထောင်ကြရန်လိုကြောင်း၊ နိုင်ငံတော်ရဲ့ လူမှုရေးဦးတည်ချက်တွင် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်များ၌ လူငယ်များအနေနှင့် အဓိကစွမ်းအားစုအဖြစ် ပါဝင်နိုင်ရေး ဗလငါးတန်နှင့်ပြည့်စုံသော လူငယ်များဖြစ်စေရန် လူငယ်ကဏ္ဍကို မြှင့်တင်ဆောင်ရွက်ရန် ဦးတည်ချမှတ်ဆောင်ရွက်လျက်ရှိပါကြောင်း၊ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးနှင့် နိုင်ငံတကာနှင့် ရင်ဘောင်တန်းနိုင်ရန် လူငယ်များအနေနှင့် အသိပညာ၊ အတတ်ပညာပြည့်စုံပြီး ပညာပြည့်ဝနှလုံးလှသည့် လူကောင်းလူတော်တွေဖြစ်ရန် လိုအပ်ပါကြောင်း၊ ကျောင်းသား၊ ကျောင်းသူများအနေဖြင့် စာဖတ်ခြင်း အလေ့အထကို ပြုလုပ်ရန်နှင့် ကိုယ်ချင်းစာတရားထားရှိကာ နိုင်ငံချစ်စိတ်၊ မျိုးချစ်စိတ်ရှိရန်အတွက် သုတစာပေ၊ ရသစာပေများကိုလည်း ဖတ်ရှုလေ့လာမှတ်သားကြရန် တိုက်တွန်းလိုကြောင်း ပြောကြားခဲ့သည်။

ယင်းနောက် မြန်မာနိုင်ငံလူငယ်ရေးရာဗဟိုကော်မတီ အတွင်းရေးမှူး၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇင်မင်းထက်က အမှာစကားပြောကြားသည်။

ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက လူငယ်ရေးရာအသိပညာပေးဟောပြောသည့် စာရေးဆရာ မောင်ရည်ကျော်(ရူပဗေဒ)အား ဂုဏ်ပြုလက်ဆောင်ပေးအပ်ပြီး မြန်မာနိုင်ငံလူငယ်ရေးရာဗဟိုကော်မတီအတွင်းရေးမှူး၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇင်မင်းထက်က အမှတ်(၅) အခြေခံပညာအထက်တန်းကျောင်းသို့ စာအုပ်များနှင့် အားကစားပစ္စည်းများ ပေးအပ်လှူဒါန်းသည်။

ဆက်လက်၍ စာရေးဆရာမောင်ရည်ကျော်(ရူပဗေဒ)က ဗလငါးတန်ပြည့်ဝစေရန်ခေါင်းစဉ်ဖြင့် အသိပညာပေးဟောပြောပြီး နေပြည်တော်လူငယ်ရေးရာတာဝန်ခံမှ ကျောင်းသား၊ ကျောင်းသူများအား ဉာဏ်စမ်းပဟေဠိမေးမြန်းခြင်းနှင့် ဆုလက်ဆောင်ပေးအပ်ခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အောင်သူရဦး(ဒက္ခိဏ)