နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး နေပြည်တော်ကောင်စီနယ်မြေအတွင်း နွေ၊ မိုး၊ ဆောင်း ရာသီပြည့်သီးနှံစိုက်ပျိုးနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးတက်ရာက်၊ ဥတ္တရသီရိ ရေလှောင်တမံအား ကွင်းဆင်းစစ်ဆေး

နေပြည်တော် ဇူလိုင် ၁

နေပြည်တော်ကောင်စီနယ်မြေအတွင်း နွေ၊ မိုး၊ ဆောင်း ရာသီပြည့်သီးနှံစိုက်ပျိုးနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ကောင်စီ၊ ဇမ္ဗူသီရိခန်းမ၌ ကျင်းပရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ နေပြည်တော်ကောင်စီဝင်များ၊ ခရိုင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်သည်။

ဦးစွာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက အမှာစကားပြောကြားရာတွင် နေပြည်တော်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့အနေဖြင့် လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး၊ လူမှုဘဝဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် လယ်ယာမြေများကို ဥပဒေ၊ နည်းပဒေများနှင့်အညီ စနစ်တကျစီမံခန့်ခွဲဆောင်ရွက်ရန်လိုကြောင်း၊ လယ်ယာမြေကို အခြားနည်းအသုံးပြုခွင့် လျှောက်ထားလာပါက လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့အဆင့်ဆင့်မှ မြေပြင်ကွင်းဆင်းစစ်ဆေးပြီး ဥပဒေနှင့်အညီ တိတိကျကျဆောင်ရွက်သွားရန်လိုကြောင်း၊ လယ်ယာမြေကို ခွင့်ပြုမိန့်မရရှိပဲ အခြားနည်းဖြင့် အသုံးပြုခြင်းများကို ဖြေရှင်းနိုင်ရန်နှင့် နောင်ထပ်မံမဖြစ်ပွားစေရေးအတွက် ဆောင်ရွက်ရမည့် စံပြုလုပ်ထုံးလုပ်နည်း(SOP)နှင့်အညီ ဆောင်ရွက်သွားရမှာဖြစ်ကြောင်း၊ မြေလွတ်၊ မြေလပ်နှင့်မြေရိုင်းများကို အသုံးပြု၍ စိုက်ပျိုးရေးနှင့်မွေးမြူရေးလုပ်ငန်းများ ဆောင်ရွက်နေမှု လျှောက်ထားလာမှုများကိုလည်း စနစ်တကျစိစစ်ကြပ်မတ်ဆောင်ရွက်သွားရန်လိုကြောင်း၊ နိုင်ငံတော်၏ ကုန်ထုတ်လုပ်ငန်းများနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုနိုင်ရေးအတွက် မြေယာအသုံးချမှုများကို စနစ်တကျ စီမံခန့်ခွဲဆောင်ရွက်သွားရန်လိုကြောင်း၊ လယ်ယာမြေအားလုံး ပလပ်မြေမရှိအောင် တစ်နှစ် သုံးသီးစိုက်ပျိုးနိုင်ရေး၊ ပန်းတိုင်အထွက်နူန်းရရှိရေးနှင့် လယ်ယာမြေများ‌ပေါ်တွင် သတ်မှတ်သီးနှံများသာ စိုက်ပျိုးစေရေးတို့ကို မှာကြားသည်။

ထို့နောက် တက်ရောက်လာကြသူများမှ သက်ဆိုင်ရာကဏ္ဍအလိုက် ဆွေးနွေးတင်ပြကြရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌက လိုအပ်သည်များမှာကြားပြီး ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။

ယင်းနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် ဥတ္တရသီရိရေလှောင်တမံသို့ သွားရောက်ပြီး ယာယီရေတားတမံဆောင်ရွက်နေမှုနှင့် အရေးပေါ်ရေပိုလွဲဆောင်ရွက်ထားရှိမှုတို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများအား လုပ်ငန်းများအမြန်ပြီးစီးအောင် ဆောင်ရွက်ရေး၊ သက်ဆိုင်ရာအင်ဂျင်နီယာများနှင့် တာဝန်ရှိသူများမှ အမြဲမပြတ် ကြပ်မတ်ဆောင်ရွက်ရေးတို့ကို မှာကြားခဲ့ကြောင်း သိရသည်။

အောင်သူရဦး(ပြန်/ဆက်)