မိုင်းပန်မြို့နယ်တွင် တစ်အိမ်သုံးဆိုလာစနစ်ဖြင့် မီးလင်းရေးလုပ်ငန်းများ စတင်ဆောင်ရွက်ရန် အတွက် ဆက်စပ်ပစ္စည်းများအားလုံး စတင်ပို့ဆောင်

 

မိုင်းပန်          ဒီဇင်ဘာ        ၁၅

ရှမ်းပြည်နယ် (တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုင်းပန်မြို့နယ်အတွင်းရှိ မိုက်ပုတ်(ပန်ပိ) ကျေးရွာနှင့် နောင်လေ ကျေးရွာ နှစ်ရွာတွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ဂျာမန် ဖွံ့ဖြိုးရေး ဘဏ် (KFW)နှင့် ကျေးရွာ ပြည်သူများ၏ ပူးပေါင်းထည့်ဝင်ငွေဖြင့် တစ်အိမ်သုံး ဆိုလာစနစ် မီးလင်းရေးလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် မီးတိုင်များ၊ ဆိုလာပြားများနှင့် ဆက်စပ်ပစ္စည်းများအား ကျေးရွာသို့ ပို့ဆောင်နေလျက်ရှိကြောင်း မိုင်းပန်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ သိရသည်။

မိုက်ပုတ်(ပန်ပိ) ကျေးရွာအတွက် (60W) ဆိုလာ ၂၅၅ လုံး၊ နောင်လေကျေးရွာအတွက် (60W) ဆိုလာ   ၆ဝ လုံးနှင့် (100W) ဆိုလာ ၆ လုံးတို့အား ပို့ဆောင်ပြီးပါက ကျွမ်းကျင်သူများမှ အိမ် အရောက်လာရောက် တပ်ဆင် ပေးသွားမည်ဖြစ်ကြောင်း သိရသည်။ တစ်အိမ်သုံး ဆိုလာများကို  ဒေသခံပြည်သူများက မိမိပိုင်ပစ္စည်း ကဲ့သို့ စနစ်တကျ ကိုင်တွယ် အသုံးပြုစေရန် အတွက် ရည်ရွယ်၍ (60W) ဆိုလာစနစ် အတွက် တစ်လုံးလျှင် ၅ဝဝဝဝ ကျပ် နှင့် (100W) ဆိုလာ စနစ်အတွက် တစ်လုံးလျှင် ၁၅ဝဝဝဝ ကျပ်အား ပြည်သူအချိုးကျ အရစ်ကျစနစ်ဖြင့် နှစ်ကြိမ် ခွဲ၍ ထည့်ဝင် ရမည်ဖြစ်ပြီး ဆိုလာစနစ်တစ်စုံစာအတွက် ကျန်ရှိသည့်တန်ဖိုးကို စီမံကိန်း ရန်ပုံငွေမှ ကျခံ ပေးမည် ဖြစ်ကြောင်း သိရသည်။

ထို့အပြင် အဆိုပါစီမံကိန်းကျေးရွာရှိ အများပြည်သူပိုင်အဆောက်အအုံများဖြစ်သည့် ဘုန်းကြီး ကျောင်း၊ ကျေးရွာ ဆေးပေးခန်း၊ စာသင်ကျောင်း စသည်တို့အတွက် (190W) ဆိုလာ စနစ် တစ်စုံစီနှင့် လမ်းမီး တိုင်များကို စီမံကိန်း ရန်ပုံငွေမှ ရာနှုန်းပြည့် အခမဲ့ထောက်ပံ့ပေးသွား မည်ဖြစ်ကြောင်း မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနရှိ တာဝန်ရှိသူထံမှ သိရသည်။

ဆန်းမြင့်(ပြန်/ဆက်)