မိုးညှင်းမြို့၌ စာဖတ်ရှိန်မြှင့်တင်ရေးအသိပညာပေး ဟောပြောပွဲ၊ နံရံကပ်နှင့် စာအုပ်စာစောင်ပြပွဲများ ကျင်းပ

မိုးညှင်း ဇွန် ၃၀

ကချင်ပြည်နယ် မိုးညှင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသည့် စာဖတ်ရှိမြှင့်တင်ရေးအသိပညာပေး ဟောပြောပွဲ၊ နံရံကပ်စာစောင်နှင့် စာအုပ်စာစောင်ပြပွဲကို ယနေ့နံနက် (၁၀) နာရီက အခြေခံပညာအလယ်တန်းကျောင်းခွဲ (နန့်ပုတ်)၌ ကျင်းပသည်။

အဆိုပါ အခမ်းအနားတွင် အခြေခံပညာအလယ်တန်းကျောင်းခွဲ (နန့်ပုတ်) ကျောင်းအုပ်ဆရာမကြီး ဒေါ်အေးမိမိဆွေက အဖွင့်အမှာစကားပြောကြားပြီး ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဒေါ်နွယ်နွယ်အေးက စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲ ကျင်းပရခြင်းနှင့်ပတ်သက်၍ ကျောင်းသားလူငယ်များ စာဖတ်သည့် အလေ့အထကောင်းများရရှိစေရန်၊ အသိပညာဗဟုသုတများ တိုးပွားလာစေရန်နှင့် စာကြည့်တိုက်ယဉ်ကျေးမှုထွန်းကားပြီး စာကြည့်တိုက်များသို့ ဝင်ထွက်သွားလာသတ်သည့် အလေ့အကျင့်ကောင်းများ ရရှိစေရန် စသည့် ရည်ရွည်ချက်များကို ရှင်းလင်းပြောကြားသည်။

ထို့နောက် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသည့် အသိပညာပေး နံရံကပ်စာစောင်များနှင့် သုတ၊ ရသ စာအုပ်များကို ကျောင်းသား ကျောင်းသူများက စိတ်ဝင်တစား လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။

ရွှေမိုးညှင်း