မိုးနဲ ဇွန် ၃၀
ရှမ်းပြည်နယ် (တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အတွက် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း (VDP) မိတ်ဆက်ရှင်းလင်းခြင်းနှင့် ကော်မတီဖွဲ့စည်းခြင်းကို ယနေ့နံနက်ပိုင်းက ကုန်းလုံကျေးရွာ ဘုန်းတော်ကြီးကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
ဦးစွာ မိုးနဲမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးအာကာဖြိုးက ၂၀၂၅ - ၂၀၂၆ ဘဏ္ဍာနှစ်တွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း (VDP) ရန်ပုံငွေကျပ် သိန်း ၁၅၀ ဖြင့် ကုန်းလုံကျေးရွာ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို အကောင်အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ်ရာ ယင်းစီမံကိန်းကို ကျေးရွာသူ၊ ကျေးရွာသားများက ကိုယ်တိုင်တာဝန်ယူအကောင်အထည်ဖော်ဆောင်ရွက်သွားရမည့် စီမံကိန်းတစ်ခုဖြစ်ပါကြောင်း ၊စီမံကိန်းတာဝန်ခံဝန်ထမ်းများအနေဖြင့် ကျေးရွာဖွံ့ဖြိုးရေးကော်မတီများ ရွေးချယ်ဖွဲ့စည်းရာတွင် လိုက်နာရမည့်စည်းကမ်းသတ်မှတ်ချက်များ၊ ကျေးရွာစိတ်ဓာတ်၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဥပဒေ၊ ကျေးလက်နေပြည်သူများ၏ ရပိုင်ခွင့်များနှင့် တာဝန်များ၊ ကျေးရွာမှ ဆောင်ရွက်ရမည့်လုပ်ငန်းစဉ်များနှင့်စပ်လျဉ်း၍ ရှင်းလင်း ပြောကြားခဲ့သည်။
ထို့နောက် တက်ရောက်လာကြသော ကုန်းလုံကျေးရွာနေပြည်သူများက ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း (VDP) ကော်မတီဝင် ခုနစ်ဦးကို အများသဘောဆန္ဒနှင့်အညီ ရွေးချယ်ပေးခဲ့ကြောင်း သိရသည်။
မျိုးညွန့်ရွှေ(မိုးနဲ)