မိုးနဲမြို့နယ်၌ (DU-12)မိုးစပါးမျိုး မျိုးစေ့ချကိရိယာဖြင့် ကွင်းသရုပ်ပြစိုက်ပျိုး

မိုးနဲ ဇွန် ၃၀

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ်တွင် မျိုးစေ့ချကိရိယာ Drum Seeder ဖြင့် DU-12 မိုးစပါး တောင်သူပညာပေး ကွင်းသရုပ်ပြစိုက်ပျိုးခြင်းကို နောင်မြိုင်းကျေးရွာအုပ်စု၊ တောင်သူဦးစိုင်းနော်ခမ်း၏ လယ်မြေတွင် ယနေ့နံနက် ၈ နာရီအချိန်က ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ ကွင်းဆင်းဆောင်ရွက်ရာတွင် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဦးစီးမှူး ဦးဇော်မော်ဦးက မျိုးစေ့ချကိရိယာဖြင့် ကွင်းသရုပ်ပြစိုက်ပျိုးပြသရခြင်းနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားပြီး ရှစ်တန်းသွားမျိုးစေ့ချကိရိယာဖြင့် ကွင်းသရုပ်ပြစိုက်ပျိုးခဲ့ကြသည်။

အဆိုပါ မျိုးစေ့ချကိရိယာ(Drum Seeder)ဖြင့် စပါးတိုက်ရိုက်မျိုးစေ့ချ စိုက်ပျိုးခြင်းဖြင့် ကြဲခင်းထက် မျိုးစေ့နှုန်းထားလျှော့ချနိုင်ခြင်း၊ ပျိုးနုတ်ရန်မရှိခြင်းကြောင့် ပျိုးပင်ထိခိုက်မှု သက်သာစေခြင်း၊ အမြစ်ကြီးထွားဖွံ့ဖြိုးမှု စောစီးစွာရရှိစေခြင်း၊ ရေကြီးနစ်မြုပ်ခြင်းနှင့် ရေငတ်ဒဏ် ပိုမိုခံနိုင်ရည်ရှိခြင်း၊ အသုံးပြုမြေဩဇာ၏ အကျိုးသက်ရောက်နိုင်စွမ်း ပိုမိုကြာမြင့်စေခြင်း၊ ရေကိုပိုမိုအကျိုးရှိစွာ အသုံးပြုနိုင်ခြင်း၊ ပျိုးထောင်စိုက်ပျိုးခြင်းစနစ်နှင့် အထွက်နှုန်းသိသာစွာ ကွဲပြားခြားနားမှုမရှိခြင်း စသည့်အကျိုးကျေးဇူးများ ရရှိစေမည်ဖြစ်ကြောင်း သိရသည်။

မျိုးညွန့်ရွှေ(မိုးနဲ)