နေပြည်တော်ကောင်စီဝင်များ လယ်ဝေးမြို့နယ်အတွင်းရှိ စိုက်ပျိုးရေး၊ မွေးမြူရေး လုပ်ငန်းများ ကွင်းဆင်းကြည့်ရှုစစ်ဆေး

လယ်ဝေး ဇွန် ၃၀

နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီးရဲမိုးနှင့် ဦးမြင့်စိုးတို့သည် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ယမန်နေ့နံနက်ပိုင်းက လယ်ဝေးမြို့နယ်အတွင်းရှိ စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများအား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီးရဲမိုးနှင့်ဦးမြင့်စိုးတို့သည် တာဝန်ရှိသူများ လိုက်ပါလျက် အေလာ၊ ရွာသစ်‌ကျေးရွာ၊ ကွင်းအမှတ် ၁၇၃၅၊ တောင်သူဦးသန်းဝင်း၏ အေလာကန်ရေသောက် လယ်မြေ ၆ ဧကတွင် အောင်နိုင်တိုးမျိုးစပါး ဆီဒါ(Seeder) မျိုးစေ့ချကိရိယာဖြင့် စိုက်ပျိုးနေမှုအား ကြည့်ရှုအားပေးကာ တောင်သူများနှင့်တွေ့ဆုံ၍ စိုက်ပျိုးရေးဦးစီးဌာနမှ အနီးဝန်းကျင်ရှိ လယ်မြေဧက ၃၀ တွင် မျိုးစေ့ချကိရိယာဖြင့် ကူညီစိုက်ပျိုးပေးလျက်ရှိကြောင်း၊ တောင်သူများအနေဖြင့် ပန်းတိုင်အထွက်နှုန်းရရှိစေရေး အတွက် သက်ဆိုင်ရာဌာနများနှင့်ပူးပေါင်းကာ စနစ်တကျစိုက်ပျိုးနိုင်‌ရေး၊ မြေသြဇာများ အချိုးကျမှန်ကန်စွာ အသုံးပြုတတ်စေရန်နှင့် တောင်သူများ ကိုယ်တိုင် သဘာဝမြေသြဇာများကို ပြုလုပ်သုံးစွဲနိုင်ရန်အတွက် လိုအပ်သည့် နည်းပညာများကို ပူးပေါင်းလိုက်နာ ဆောင်ရွက်ရေး မှာကြားဆွေးနွေးသည်။

ဆက်လက်၍ နေပြည်တော်ကောင်စီဝင်များသည် ဧလာတိဏ္ဏဘုရား၊ ဘုန်းတော်ကြီး ကျောင်းဝန်းအတွင်း ပျီချီစက်မှုစိုက်ပျိုးမွေးမြူရေးအထက်တန်းကျောင်းတွင် ဝေးလံသည့် ကျေးရွာများမှ တက်ရောက်လျက်ရှိသည့် ကျောင်းသူ၊ ကျောင်းသားများ နေထိုင်ရေး အဆင်ပြေစေရန်အတွက် နေပြည်တော်ကောင်စီနှင့်အများပြည်သူများ လှူဒါန်းမှုဖြင့် ဆောက်လုပ်နေသော ပေ ၆၀×၂၄ ပေ အိပ်ဆောင်ကို ကြည့်ရှုစစ်ဆေး၍ အမြန်ဆုံး ပြီးစီးအောင်ဆောင်ရွက်ပြီး၊ ကျောင်းသားများ နေထိုင်စားသောက်ရေးကို ရပ်ရွာနေပြည်သူများ အနေဖြင့် ဝိုင်းဝန်းကူညီစောင့်ရှောက်ပေးရန်မှာကြားခဲ့သည်။

ထို့နောက် နေပြည်တော်ကောင်စီဝင်များသည် ရသေ့တောင်ကျေးရွာနေ ဒေါ်မေဘယ်ဖြိုး၏ ဘဲမွေးမြူရေးခြံတွင် ခြံလှောင်စနစ်ဖြင့် ဘဲကောင်ရေ ၈၀၀ မွေးမြူထားရှိမှုနှင့် တိုင်းရင်းကြက်မျိုးအား ခြံလှောင်စနစ်ဖြင့် မွေးမြူထားရှိမှုများအား ကြည့်ရှုအားပေးကာ ဒေသနှင့်ကိုက်ညီသည့် မွေးမြူရေးလုပ်ငန်းများအား တိုးချဲ့ဆောင်ရွက်ရန် ဆွေးနွေးမှာကြားပြီး ရသေ့တောင်ကျေးရွာ၊ စီပင်ကွင်း၊ ကွင်းအမှတ် ၁၇၆၉၊ တောင်သူဦးမြင့်ဆွေ၏ မိုးကြိုနှမ်းသီးနှံများ စိုက်ပျိုးဖြစ်ထွန်းမှုအား ကြည့်ရှုအားပေးသည်။

ဆက်လက်၍ သော်မှော်ကုန်းကျေးရွာနေ ဦးကျော်စွာ၏ လင်းလက်စံအိမ် ဝက်မွေးမြူရေးခြံ၊ အစာအရောင်းဆိုင်နှင့် ဦးကျော်ခိုင်၏ ဝက်မွေးမြူရေးခြံတွင် မျိုးဝက်မနှင့် အသားတိုးဝက်မွေးမြူထားရှိမှု အခြေအနေများကို ကြည့်ရှုစစ်ဆေး၍ ကာကွယ်ဆေးများထိုးနှံနေမှုအား ကြည့်ရှုအားပေးကာ မွေးမြူရေးလုပ်ငန်းများ အောင်မြင်အောင် ကြိုးစားဆောင်ရွက်ရန်၊ မိမိတို့မွေးမြူထားသည့် အသားတိုးဝက်များတွင် ဖြစ်ပွားတတ်သည့် ရောဂါနှင့် ကြိုတင် ကာကွယ်ရေးလုပ်ငန်းများကို လေ့လာ၍ စနစ်တကျ မွေးမြူသွားကြရန်၊ ဒေသတွင်း စားရေရိက္ခာ ဖူလုံပိုလျှံရေးအတွက် လက်ရှိမွေးမြူသည့် အကောင်ရေထက် ပိုမိုတိုးတက် မွေးမြူထုတ်လုပ်ကြရန်နှင့် တိရစ္ဆာန်အစာကို ကိုယ်တိုင်ထုတ်လုပ်နိုင်သည့်အထိ ကြိုးပမ်းဆောင်ရွက်သွားရန်မှာကြားပြီး တင်ပြချက်များအပေါ် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

မြို့နယ်( ပြန်/ဆက်)