နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး ငလျင်ဘေး ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများ ကွင်းဆင်းစစ်ဆေး

နေပြည်တော် ဇွန် ၃၀

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် တာဝန်ရှိသူများနှင့်အတူ ဇွန်လ ၂၈ ရက်နေ့  မွန်းလွဲပိုင်းတွင် ဇမ္ဗူသီရိမြို့နယ်၊ ဗလသိဒ္ဓိရပ်ကွက် တိုက်အမှတ် ၂၃၈၆၊ ၂၃၈၇ နှင့် ဉာဏသိဒ္ဓိရပ်ကွက် တိုက်အမှတ် ၃၃၆၈၊ ၃၃၆၉ သို့ သွားရောက်ပြီး ငလျင်ဘေးကြောင့် ထိခိုက်ပျက်စီးခဲ့မှုများအား စက်ယန္တရားကြီးများဖြင့် ဖယ်ရှားရှင်းလင်းနေမှုများကို ကြည့်ရှုစစ်ဆေးပြီး လုပ်ငန်းများ အမြန်ပြီးစီးအောင်ဆောင်ရွက်ရေး၊ စက်ယန္တရားများ တိုးမြှင့်ဆောင်ရွက်ရေးတို့ကို မှာကြားခဲ့ကြောင်း သိရသည်။

ဆက်လက်၍ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် ခရေအိမ်ယာ တိုက်အမှတ် ၉၆ သို့ သွားရောက်ပြီး ငလျင်ဘေးကြောင့် ထိခိုက်ပျက်စီးခဲ့မှုများအား ပြန်လည်ပြုပြင်နေမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများအား ရေရှည်ခိုင်ခံ့မှုရှိအောင် ဆောင်ရွက်ရေး၊ လုပ်ငန်းအမြန်ပြီးစီးအောင် လုပ်သားအင်အား တိုးမြှင့်ဆောင်ရွက်ရေးတို့ကို မှာကြားသည်။

ယင်းနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် ဥတ္တရသီရိမြို့နယ်၊ မြတ်လေးလမ်းနှင့် မြစ်ကြီးနားလမ်းသို့သွားရောက်ပြီး ငလျင်ဘေးကြောင့် ထိခိုက်ပျက်စီးခဲ့သော ပင်မရေပိုက်လိုင်းနှင့် ရေပေးဝေရေးပိုက်လိုင်းများ ပြန်လည်ပြုပြင်နေမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး သောက်သုံးရေဖူလုံစွာ အမြန်ဆုံးပေးဝေနိုင်ရေး၊ ရေပိုက်လိုင်းလမ်းကြောင်း တစ်လျှောက် အမြဲမပြတ် စစ်ဆေးဆောင်ရွက်ရေးတို့ကို မှာကြားခဲ့သည်။

ထိုမှတစ်ဆင့် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် ဥတ္တရသီရိရေလှောင်တမံသို့ သွားရောက်ပြီး ယာယီရေတားတမံနှင့် အရေးပေါ်ရေပိုလွှဲဆောင်ရွက်နေမှု၊ ရေထုတ်ပြွန်ပြုပြင် ဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးခဲ့သည်။

ဆက်လက်၍ ယနေ့နံနက်ပိုင်းတွင် နေပြည်ဝောာ်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် တာဝန်ရှိသူများနှင့်အတူ ရာဇဌာနီလမ်းမကြီးနှင့် ရာဇသင်္ဂဟလမ်းမကြီးများသို့ သွားရောက်ပြီး မြေငလျင်‌‌ဘေးကြောင့် ထိခိုက်ခဲ့‌သောလမ်းပိုင်းများ ပြန်လည်ပြုပြင်နေမှု အ‌ခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများအား စက်ယန္တရားနှင့် လူအင်အားများ တိုးမြှင့်ဆောင်ရွက်ရေး၊ ရာသီတုကောင်းမွန်ချိန်တွင် လုပ်ငန်းများအမြန်ပြီးစီးအောင် အင်တိုက်အားတိုက် ဆောင်ရွက်ရေးတို့ကို မှာကြားခဲ့သည်။

ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် ဥပ္ပါတသန္တိစေတီတော်ကြီးသို့ သွားရောက်ပြီး  ငလျင်‌ဘေးကြောင့် ထိခိုက်ပျက်စီးခဲ့သည့် ရင်ပြင်တော်၊ ပစ္စယာနှင့် ပရိဝုဏ်များကို ပြန်လည်ပြုပြင်မွမ်းမံနေမှု အ‌ခြေအနေများ၊ Cement grouting: Soil stabilization: ဆောင်ရွက်နေမှုများ၊ မူလရင်ပြင်တော်ကြမ်းခင်းအား တူးထုတ်ပြင်ဆင်နေမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများမှ တင်ပြချက်များအပေါ် နေပြည်တော်ကောင်စီဥက္ကဋ္ဌက လုပ်ငန်းများ အမြန်ဆုံးပြီးစီး အောင်ဆောင်ရွက်ရေး၊ သတ်မှတ် စံချိန်စံညွှန်းများနှင့်အညီ ရေရှည်ခိုင်ခံ့မှုရှိအောင်ဆောင်ရွက်ရေး၊ နည်းပညာပိုင်းဆိုင်ရာ ပြုပြင်မွမ်းမံရေးလုပ်ငန်းများ စနစ်တကျစီမံ ဆောင်ရွက်နိုင်ရေးတို့ကိုမှာကြားခဲ့သည်။

ယင်းနောက် မွန်းလွဲပိုင်းတွင် နေပြည်ဝောာ်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် ဇမ္ဗူသီရိမြို့နယ် ဗလသိဒ္ဓိရပ်ကွက်နှင့် ဉာဏသိဒ္ဓိရပ်ကွက် သို့သွားရောက်ပြီး ငလျင်ဘေးကြောင့်ထိခိုက်ပျက်စီးခဲ့သော အဆောက်အဦများအား ဖယ်ရှားရှင်းလင်း ဆောင်ရွက်နေမှုများနှင့် ပြန်လည်ပြုပြင်ဆောင်ရွက်နေမှု အခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့သည်။

ဆက်လက်၍ နေပြည်ဝောာ်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် ဥတ္တရသီရိရေလှောင်တမံသို့ သွားရောက်ပြီး ယာယီရေတားတမံဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးပြီး လုပ်ငန်းများ အမြန်ပြီးစီးအောင် ဆောင်ရွက်ရေးမှာကြားခဲ့ကြောင်း သိရသည်။

အောင်သူရဦး(ပြန်/ဆက်)