ပျော်ဘွယ်မြို့နယ်တွင် ငလျင်ဘေးအန္တရာယ်ဆိုင်ရာ သဏ္ဌာန်တူဇာတ်တိုက်လေ့ကျင့်ခြင်း ကျင်းပ

ပျော်ဘွယ် ဇွန် ၃၀

ပျော်ဘွယ်မြို့နယ် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့ ဦးဆောင်၍ သဘာဝဘေးအန္တရာယ် ကာကွယ်ရေးအတွက်  သက်ဆိုင်ရာဌာနများ၊ အသင်းအဖွဲ့များ၊ ကျောင်းသား၊ ကျောင်းသူလေးများ ပူးပေါင်းပါဝင်သည့် အဖွဲ့များဖြင့် ငလျင်ဘေးအန္တရာယ်ဆိုင်ရာ သဏ္ဌာန်တူ ဇာတ်တိုက်လေ့ကျင့်ခြင်းကို ယနေ့နံနက် (၉) နာရီက အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းဝင်းအတွင်း ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

သဏ္ဌာန်တူဇာတ်တိုက်လေ့ကျင့်ခြင်းတွင် ကျောင်းသား၊ ကျောင်းသူလေးများက ငလျင်လှုပ်ခတ်နေစဉ် ကြမ်းပြင်လှုပ်ရမ်းမှုကြောင့် ဝပ်နေခြင်း၊ ခန္ဓာကိုယ်ထိခိုက်မှုမရှိစေရန် အကာအကွယ်ယူခြင်း၊ အကာအကွယ်ပစ္စည်းနှင့် ခန္ဓာကိုယ်တစ်ခြားစီမဖြစ်စေရန် ကိုင်တွယ်ခြင်း၊ ငလျင်လှုပ်ခတ်ပြီးနောက် အကာအကွယ်ပစ္စည်းများ အသုံးပြု၍ အဆောက် အဦအတွင်းမှ ဘေးလွတ်ရာသို့ ထွက်ခွာခြင်း၊ မီးသတ်တပ်ဖွဲ့ဝင်များက အထပ်မြင့်နှင့်မြေပြင်အဆောက်အဦ အတွင်း ပိတ်မိနေသူများအား ကယ်ဆယ်ရေးပစ္စည်းများ အသုံးပြု၍ ရှာဖွေကယ်ဆယ်ခြင်း၊ မီးငြှိမ်းသတ်ယာဉ်များ အသုံးပြု၍ မီးငြှိမ်းသတ်ရေးလုပ်ငန်းများ၊ ရှင်းလင်းရေးလုပ်ငန်းစဉ်များ ဆောင်ရွက်ခြင်း၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များနှင့် လူမှုရေးအသင်းအဖွဲ့တို့မှ လူနာများအား လူနာတင်စင်နှင့် လူနာတင်ယာဉ်များ အသုံးပြု၍ ဆေးရုံသို့ပို့ဆောင်ပေးခြင်း၊ ကျန်းမာရေးဝန်ထမ်းများက လူနာများအား ပြင်းထန်ဒဏ်ရာရရှိသူ၊ သာမန်ဒဏ်ရာရရှိသူ၊ စိတ်ထိခိုက်ဒဏ်ရာရရှိသူ စသည့် အဆင့်အတန်းများ ခွဲခြားသတ်မှတ်၍ ဆေးကုပေးခြင်းများ၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ဝန်ထမ်းများနှင့် သက်ဆိုင်ရာ တာဝန်ရှိသူများက စာရင်းကောက်ယူခြင်းလုပ်ငန်းများ စသည်တို့ကို အတူတကွ ပူးပေါင်း၍ သဏ္ဌာန်တူဇာတ်တိုက်လေ့ကျင့်ခဲ့ကြသည်။

ဆက်လက်၍ အခမ်းအနားသို့ တက်ရောက်လာသည့် အမှတ်(၇၁) သံချပ်ကာစစ်ဆင်ရေး ကွပ်ကဲမှုဌာနချုပ်၊ တပ်မမှူး ဗိုလ်မှူးကြီးကျော်ဆွေလင်း၊ ရမည်းသင်းခရိုင် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌ ဦးစိန်မြင့်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌ ဦးအာကာစိုးနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများက မြို့နယ်မီးသတ်ဦးစီးဌာနမှ ပြသထားသည့် ရှာဖွေကယ်ဆယ်ရေးသုံးပစ္စည်းများ၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသည့် မန္တလေးမြေငလျင်ကြီးကြောင့် မြို့နယ်အတွင်းပျက်စီးဆုံးရှုံးမှု၊ ရှင်းလင်းရေးလုပ်ငန်းဆောင်ရွက်မှု၊ ကယ်ဆယ်ရေးပစ္စည်းများဖြန့်ဝေပေးမှု မှတ်တမ်းဓာတ်ပုံများကို ကြည့်ရှုအားပေးခဲ့ကြသည်။

ထို့နောက် ရမည်းသင်းခရိုင် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌ ဦးစိန်မြင့်က ပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့သည့် ဌာနဆိုင်ရာများ၊ အသင်းအဖွဲ့များအား ကျေးဇူး တင်စကား ပြောကြားပြီး လေ့ကျင့်မှုတွင်ပါဝင် ဆောင်ရွက်ခဲ့သည့် မီးသတ်တပ်ဖွဲ့ဝင်များအား ကယ်ဆယ်ရေးလုပ်ငန်းသုံးပစ္စည်းများနှင့် ချီးမြှင့်ငွေများပေးအပ် လှူဒါန်းခဲ့ကြောင်း သိရသည်။

မင်းမင်းထွေး(ပျော်ဘွယ်)