ကြည့်မြင်တိုင် ဇွန် ၃၀
ရန်ကုန်တိုင်းဒေသကြီး၊ အလုံခရိုင်၊ ကြည့်မြင်တိုင်မြို့နယ်၌ မိုးစပါး (Seeder) ဖြင့် မိုးစပါးစိုက်ပျိုးခြင်းသရုပ်ပြပွဲကို ယနေ့ နံနက် (၉)နာရီ အချိန်က ဝါးရုံဆိပ်အေးရွာအနာက်ရပ်ကွက်၊ ကွင်းအမှတ် (၁၅၇)၊ ဦးပိုင် အမှတ် ၅/၃(က)ရှိ တောင်သူ ဦးချစ်အောင်၏ လယ်မြေ(၄)ဧက၌ မိုးစပါး (Seeder)ဖြင့် ဆင်းသုခမျိုးစပါးစိုက်ပျိုးခြင်း ကွင်းသရုပ်ပြပွဲကို ကျင်းပပြုလုပ်ခဲ့သည်။
သရုပ်ပြပွဲတွင် ခရိုင်စိုက်ပျိုးရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဦးထိန်လင်းဟန်က တိုက်ရိုက်မျိုးစေ့ချကိရိယာ (Seeder) ဖြင့် စိုက်ပျိုးရာတွင် ကုန်ကျမှုစရိတ်သက်သာစေမည်ဖြစ်ကြောင်း၊ စပါးကောက်ကွက်ပြည့်မီခြင်း၊ အတန်းလိုက်ညီညာစွာ စိုက်ပျိုးသည့်အတွက် ပင်ပွားကောင်းမွန်ခြင်းနှင့် စပါးအထွက်နှုန်းများ ကောင်းမွန်ခြင်း၊ လုပ်အားကုန်ကျမှုစရိတ်များ သက်သာမည်ဖြစ်ကြောင်း၊ အထွက်နှုန်းတိုးလာမည်ဖြစ်ကြောင်း စသည့် ရရှိလာမည့် အကျိုးကျေးဇူးများအား ရှင်းလင်းခြင်း၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးလှဌေးက မျိုးစေ့ချကိရိယာ၏ နည်းပညာများအကြောင်းကို ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် တက်ရောက်လာသူများက သိရှိလိုသည်များကို မေးမြန်းခဲ့ရာ သက်ဆိုင်ရာတာဝန်ရှိသူများက ပြန်လည်ဖြေကြားပေးခဲ့ကြောင်း သိရသည်။
အဆိုပါ မိုးစပါး(Seeder)စနစ်ဖြင့် စိုက်ပျိုးခြင်းသရုပ်ပြပွဲသို့ အလုံခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းသိန်းနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးညီညီနှင့် အဖွဲ့ဝင်များ ၊ခရိုင်စိုက်ပျိုးရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများ၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးလှဌေးနှင့် ဝန်ထမ်းများ၊ မြို့နယ်အတွင်းရှိဌာနဆိုင်ရာများ၊ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် တောင်သူများ စုစုပေါင်း (၇၅) ဦးခန့် တက်ရောက်ခဲ့ကြပြီး မိုးစပါးစံပြစိုက်ခင်းတွင် စိုက်ပျိုးနေမှုအား ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
ခိုင်ဇာလင်း (ပြန်/ဆက်)