ကျိုက်မရော ဇွန် ၃၀
မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၊ စီမံအုပ်ချုပ်ရေးအဖွဲ့ကကြီးမှူး၍ စွန့်ပစ်အမှိုက်များ ခွဲခြားစွန့်ပစ်နိုင်စေရန် ဈေးသူ၊ ဈေးသားများအား အသိပညာပေး လက်တွေ့သရုပ်ပြပွဲကို ယနေ့နံနက် ၈ နာရီက မြို့မဈေးကြီး၌ ပြုလုပ်ခဲ့သည်။
စွန့်ပစ်အမှိုက်များ ခွဲခြားစွန့်ပစ်သရုပ်ပြပွဲ၌ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးမျိုးလွင်က စွန့်ပစ်အမှိုက်များကို ခွဲခြားစွန့်ပစ်ရာတွင် အမှိုက်စို၊ အမှိုက်ခြောက်၊ ဘေးအန္တရာယ်ရှိ အမှိုက်၊ ပလတ်စတစ်အမှိုက်များကို ခွဲခြား၍ စနစ်တကျ စွန့်ပစ်နိုင်ရေးစျေးနှင့် စည်ပင်သာယာနယ်နိမိတ်အတွင်း နေထိုင်ကြသော ပြည်သူများအနေဖြင့်လည်း အမှိုက်သိမ်းယာဉ်များအပေါ်သို့ စနစ်တကျစွန့်ပစ်ကြရန်၊ ပြည်သူများပူးပေါင်းပါဝင်မှုဖြင့် အမှိုက်ခွဲခြား စွန့်ပစ်တတ်သည့် အလေ့အကျင့်ကောင်းများရရှိရေး အသိပညာပေးဟောပြောကာ အမှိုက်လေးမျိုးအား ခွဲခြားစွန့်ပစ်နည်း လက်တွေ့သရုပ်ပြသခဲ့သည်။
အဆိုပါ သရုပ်ပြပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ စည်ပင်သာယာရေးအဖွဲ့ဝန်ထမ်းများနှင့် စျေးသူ၊ စျေးသားများ လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။
ချိုမြတ်မြတ်ထွေး (ပြန်/ဆက်)